ရခိုင်က အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်ကောင်စီက ထောင်နှစ်နှစ်ချမှတ်

မတ်၊ ၁၉
 
စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနား စီစဉ်၊ တက်ရောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရတဲ့ ရခိုင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်နှစ်နှစ်ချမှတ် လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌဖြစ်သူ ဒေါ်ညိုအေးကို တပ်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ စစ်တွေတရားရုံးမှာ အမှုဖွင့်ထားခဲ့တာဖြစ်ပြီး ခုနစ်လကျော်အကြာ မတ်လ ၁၈ ရက် မနေ့က အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။
 
“ပွဲကို တက်ရောက်တယ်ဆိုတဲ့ တကြောင်းရယ်၊ ပွဲဖြစ်မြောက်အောင် စီစဉ်တဲ့အထဲမှာလည်း ပါမယ်ဆိုပြီး သုံးသပ်တာတကြောင်းကြောင့်ဆိုပြီး ထောင်ဒဏ်နှစ်နှစ်ချတာ၊ အခမ်းအနား စီစဉ်တာမှာ မပါခဲ့ဘူး၊ အဲဒါလိမ်တာ၊ အခမ်းအနား တက်ရုံနဲ့ချတာ” လို့ ဒေါ်ညိုအေးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ဒေါ်ညိုအေးဟာ ရခိုင်ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စီစဉ်ကျင်းပခဲ့တဲ့ ဩဂုတ် ၁၃ ရက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့ပြီး နှစ်ရက်အကြာ ၂၀၂၃ ဩဂုတ်လ ၁၅ ရက်မှာပဲ စစ်ကောင်စီ လက်အောက်ခံတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
 
စစ်ကောင်စီအနေနဲ့ အခုလိုမျိုး အခမ်းအနားတက်ရုံနဲ့ သက်ကြီးအမျိုးသမီးတဦးကို ဖမ်းဆီး၊ ထောင်ချတယ်ဆိုတာဟာ အငြိုးအတေးနဲ့ လုပ်တာဖြစ်ပြီး မတရားဖမ်းဆီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ဒေါ်ညိုအေးနဲ့ ရင်းနှီးတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတဦးက ထောက်ပြပါတယ်။
 
“အငြိုးအတေးနဲ့ လုပ်တာ၊ ဒါတွေက မတရားဖမ်းဆီးမှုတွေဖြစ်တယ်၊ ဒီလိုသက်ကြီးအမျိုးသမီးတယောက်ကို ဒီလို ထောင်ချတာ မလုပ်သင့်ဘူး” လို့ သူက ဆိုပါတယ်။
 
အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ညိုအေးဟာ သွေးတိုးနဲ့ အသည်းအဆီဖုံးရောဂါ တို့ရှိပြီး ပုံမှန်ဆေးသောက်နေရသူတဦးဖြစ်ကာ ရုံးထုတ်ရက်တွေမှာလည်း မေ့လဲပြီး အရေးပေါ်ဆေးကုရတာတွေ မကြာခဏရှိခဲ့ပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီကတော့ ဒေါ်ညိုအေးကို ထောင်ဆရာဝန်နဲ့ပဲ ပြသခွင့်ပြုပြီး ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ ကုသခွင့်မပေးဘူးလို့ မိသားစုက ပြောပါတယ်။
 
“ကျန်းမာရေးကလည်း မကောင်းဘူး၊ (မတ်လ) ၄ ရက်နေ့ကတည်းက သွေးတိုးနေတာ၊ အခုအမိန့်ချတဲ့နေ့မှာလည်း အသည်းအဆီဖုံးလို့ စကားတောင် အများကြီးမပြောနိုင်ဘူး၊ အသက်ရှုမ၀ဘူး၊ ဆေးခန်းက အပြင်ဆေးခန်းမှာ ပြလို့မရဘူး၊ ခွင့်မပြုဘူး” လို့ ဒေါ်ညိုအေးရဲ့ သမီးဖြစ်သူက ပြောပါတယ်။
 
ဒေါ်ညိုအေးဟာ ရခိုင်အမျိုးသမီးကွန်ရက်ကို တည်ထောင်ကာ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတဦးဖြစ်ပြီး ဒေသတွင်း စစ်ဘေးရှောင်အမျိုးသမီးတွေ၊ မိုခါမုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေးနေခဲ့သူတဦး ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Narinjara
ပုံစာ – ဖမ်းဆီးခံရပြီးနောက် ရုံးချိန်းတခုမှာတွေ့ရတဲ့ အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေး