ရွှေဈေးနှုန်းထိန်းချုပ်ဖို့ဆိုပြီး စစ်ကောင်စီက ရွှေကုန်သည်တွေကို ဖမ်းဆီးနေ

မတ်၊ ၁၉
 
ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးကွက်မှာလည်း အခေါက်ရွှေ တကျပ်သား ကျပ်လေးဆယ့်နှစ်သိန်းနီးပါးအထိ ဖြစ်လာတဲ့နောက် ဈေးကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ရွှေကုန်သည်တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ရွှေကုန်သည် အသိုင်းအဝိုင်းထံက သိရပါတယ်။
 
“ပိုက်ဆံပေး၊ ခံဝန်ထိုးခိုင်းပြီးရင် ပြန်လွှတ်တယ်။ အရင်တုန်းကလည်း ဖမ်းတယ်၊ အခုက ပိုဆိုးတယ် အဖမ်းအဆီးက” လို့ ရန်ကုန်မြို့ခံ ရွှေကုန်သည်တဦးက ဆိုပါတယ်။
 
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ကတော့ သူတို့သတ်မှတ်ဈေးအတိုင်း ရွှေအရောင်းအဝယ် ပြုလုပ်ဖို့နဲ့ သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်နိုင်ရင် ရပ်ထားဖို့ ရွှေဆိုင်တွေနဲ့ ရွှေအရောင်းအဝယ်လုပ်သူတွေကို အသိပေးထားပါတယ်။
 
အလားတူရွှေဈေး စံချိန်တင်မြင့်တက်လာချိန် ဗဟိုဘဏ်ဥက္ကဌနဲ့ ရွှေငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်တွေ တွေ့ဆုံပြီး ရွှေ၊ ငွေ ဈေးကစားသူတွေကို ကြီးကြပ်အရေးယူမယ်လို့ ဒီလ ၅ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
 
လက်ရှိမှာ ရွှေကုန်သည်တချို့ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ အတည်ပြုနိုင်ပေမယ့် ဘယ်နှဦး ဖမ်းဆီးခံခဲ့ကြရတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
 
ရွှေရောင်းဝယ်ရာမှာ မသမာမှုတွေလုပ်ပြီး ဈေးကစားမှုတွေကို ကြီးကြပ်အရေးယူနိုင်ဖို့အတွက် အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအဖြစ် သတ်မှတ်နိုင်ရေး စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးက အဲဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ဒါပေမယ့် ရွှေလုပ်ငန်းရှင်တွေဘက်ကတော့ သူတို့သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်လုပ်ဖို့ အဆင်မပြေဘူးလို့ ရွှေကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
 
“သူတို့သတ်မှတ်ဈေးနဲ့ အဆင်မပြေဘူးလေ၊ ကမ္ဘာ့ရွှေတက်နေတာကို ပြည်တွင်းရွှေလည်း တက်တာပေါ့၊ ကုန်သည်တွေနဲ့ ဆိုင်မှမဆိုင်ပဲ” လို့ အထက်ပါရွှေကုန်သည်က ပြောပါတယ်။
 
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA) ရဲ့ ဒီကနေ့ အဖွင့်ဈေး သတ်မှတ်ချက်အရ အကယ်ဒမီ မီးလင်းရွှေ တကျပ် သားကို ၃,၇၉၉,၇၀၀ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။ ပြင်ပဈေးကွက်မှာတော့ ၄,၁၃၀,၀၀၀ ကျပ်ဝန်းကျင်ရှိနေတာပါ။
 
ရွှေကုန်သည်တွေအနေနဲ့ YGEA ရဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ်မပြုလုပ်နိုင်တာကြောင့် အရောင်းအဝယ် ရပ်ထားကြတာရှိသလို ပြင်ပပေါက်ဈေးအတိုင်း အရောင်းအဝယ်လုပ်နေတဲ့ ရွှေကုန်သည်တချို့ကတော့ ဖမ်းဆီးခံရမှုတွေရှိနေတာလို့ ရွှေကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ရွှေနဲ့ငွေကြေးဈေးကွက်တွေကို ဗဟိုဘဏ်၊ ရွှေ၊ ငွေ ဈေးကွက်စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ ရွှေလုပ်ငန်းရှင်များအသင်းတွေကတဆင့် ထိန်းကျောင်းဖို့ကြိုးစားခဲ့ပေမယ့် ဈေးနှုန်းမြင့်တက်မှုတွေကို မထိန်းနိုင်ခဲ့ဘူးလို့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Data For Myanmar အဖွဲ့က အခုလအတွင်း ထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ နှစ်လယ်နဲ့ နှစ်ကုန်ပိုင်းလတချို့မှာ နိုင်ငံခြားငွေကြေးနဲ့ ရွှေဈေးတွေ စံချိန်တင်နှုန်းထားတွေအထိ မြင့်တက်ခဲ့တဲ့နောက် စစ်ကောင်စီက ရွှေဆိုင်ပိုင်ရှင်တွေနဲ့ ရွှေအရောင်းအဝယ် လုပ်ကိုင်သူတွေ၊ ငွေကြေးလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးတာ၊ စစ်တပ်ထိပ်ပိုင်း အရာရှိတချို့ကို ဖမ်းဆီးအရေးယူတာ၊ ရာထူးဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။
 
ဒါပေမယ့် လက်ရှိမှာတော့ ရွှေဈေးရော၊ နိုင်ငံခြားငွေဈေးတွေပါ ပြန်လည်မြင့်တက်နေပြီး ရွှေဈေးကတော့ သမိုင်းတလျှောက် အမြင့်ဆုံးနှုန်းထားအထိ ဖြစ်နေတာပါ။
 
စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ မနှစ်က ဇူလိုင်လ ၂၃ ရက်မှာ ကြေညာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးကွက်မှာ အဝယ်လိုက်လို့ အခေါက်ရွှေ တကျပ်သားကို သိန်းလေးဆယ်နီးပါးအထိ အမြင့်ဆုံးတက်ခဲ့ဖူးပါတယ်။
 
အဲဒီတုန်းက အမေရိကန် တဒေါ်လာကို ၃,၉၀၀ ကျပ်ထိ ပေါက်ဈေးမြင့်တက်ခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေဈေး စံချိန်တင်မြင့်တက်ခဲ့တဲ့နောက် ဈေးကစားသူတွေကြောင့်လို့ စစ်ကောင်စီက စွပ်စွဲပြီး ရွှေကုန်သည်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ရွှေဈေးနှုန်းဟာ ၃၂ သိန်းဝန်းကျင်လောက်ထိ ပြန်ကျခဲ့ပါတယ်။
 
အဲဒီလို ရွှေဈေးကျဆင်းလာရာကနေ ရွှေဈေးနှုန်းဟာ အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အခေါက်ရွှေတကျပ်သား ကို ၃၅ သိန်း၊ ၃၆ သိန်းဝန်းကျင်မှာ အတော်ကြာအောင် စျေးတည်ငြိမ်ခဲ့တာပါ။
 
ဒီလိုတည်ငြိမ်နေခဲ့တဲ့ ရွှေဈေးနှုန်းဟာ မတ်လ အစပိုင်းကစလို့ တဖြည်းဖြည်းနဲ့ မြင့်တက်ခဲ့တာမှာ ဒီလ ၁၅ ရက်မှာ တကျပ်သားကို ၄,၁၈၀,၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဒီနေ့ မတ်လ ၁၉ ရက်မှာတော့ ၄,၁၃၀,၀၀၀ ကျပ် အထိ အနည်းငယ်ပြန်ကျခဲ့တာပါ။
 
ပြီးခဲ့တဲ့နှစ်က ဈေးကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေကုန်သည်တွေကိုဖမ်းဆီးတာတွေလုပ်အပြီး ရွှေဈေးနှုန်း ပြန်ကျခဲ့ပေမယ့် လက်ရှိမှာတော့ အလားတူ ဖမ်းဆီးမှုတွေ ထပ်လုပ်နေတဲ့တိုင် ရွှေဈေး ကျပ်သိန်းလေးဆယ်အောက် ပြန်ရောက်မယ့်အလားအလာ မရှိနိုင်သေးဘူးလို့ ရွှေကုန်သည်တွေက သုံးသပ်ကြပါတယ်။
 
လက်ရှိပြင်ပဈေးကွက်အတွင်း ရွှေဈေးနှုန်း အဆမတန်မြင့်တက်နေပေမယ့် အရောင်းအဝယ်ကတော့ အေးနေတယ်လို့ အထက်ပါ ရွှေကုန်သည်က ပြောပါတယ်။
 
စစ်အာဏာမသိမ်းခင်က ‌အမေရိကန်တစ်‌ဒေါ်လာကို ကျပ် ၁,၃၀၀ ဝန်းကျင် နဲ့ ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်း ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန်တဒေါ်လာကို ကျပ် ၃,၆၅၀ ကျော်နဲ့ ရွှေတကျပ်သားကို ကျပ် သိန်း ၄၀ ကျော်အထိ စျေးတွေတက်လာခဲ့တာဖြစ်ပါတယ်။
 
နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မတ်လ ၁၈ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၇၀၀ ကျပ်၊ တယူရို ၃,၉၂၄ ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၇၃၀ ကျပ်၊ တရုတ်တယွမ် ၄၉၈ ကျပ်နဲ့ ထိုင်းတဘတ်ကို ၁၀၂ ဒသမ ၅၆ကျပ်အထိ ပေါက်ဈေးရှိ ခဲ့ပါတယ်။
 
ဒါပေမယ့် မတ်လ ၁၉ ရက်ဒီကနေ့မှာတော့ ဈေးနှုန်းအပြောင်းအလဲတချို့ရှိပြီး အမေရိကန်တဒေါ်လာကို ၃,၇၀၀ ကျပ်၊ တယူရို ၃,၉၆၅ ကျပ် ၊ စင်ကာပူတဒေါ်လာကို ၂,၇၄၀ ကျပ်၊ တရုတ်တ ယွမ် ၅၀၄ ကျပ်နဲ့ ထိုင်းတဘတ် ၁၀၃,၀၉ ကျပ်အထိ ဈေးအနည်းငယ်မြင့်တက်လာတာကိုတွေ့ရပါတယ်။
 
ဒီဈေးနှုန်းတွေဟာ နေရာနဲ့ အချိန်အလိုက် အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။
 
ဓာတ်ပုံ – CN