ဒုံးကျည်ပစ်စင်အသစ် လက်တွေ့ စမ်းသပ်မှုကို ကင်ဂျုံအန်းကိုယ်တိုင် ကြီးမှူးခဲ့ကြောင်း မြောက်ကိုရီးယား မီဒီယာဖော်ပြ

မတ်၊ ၁၉

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ နိုင်ငံရဲ့ အသစ်တီထွင် တည်ဆောက်ထားတဲ့ အကြီးစား ဒုံးကျည် ပစ်စင်တခုကနေ လက်တွေ့ ပစ်လွှတ် စမ်းသပ်မှုကို ကိုယ်တိုင် ကြီးမှူးခဲ့တယ်လို့ အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့က မြောက်ကိုရီးယားဟာ အတွဲလိုက် ဒုံးကျည်တွေ တရစပ် ပစ်ခတ်နိုင်တဲ့ အကြီးစား နည်းပညာမြင့် ဒုံးကျည် ပစ်စင်ကို လက်တွေ့ စမ်းသပ်ခဲ့တာလို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။ တောင်ကိုရီးယား စစ်ထောက်လှမ်းရေး ဌာနက မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးကျည်တချို့ကို စမ်းသပ် ပစ်ခတ်ခဲ့တာ ထောက်လှမ်း တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်စင် စမ်းသပ်မှုဟာ ကိုရီးယား ကျွန်းဆွယ်နားမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်တခု အဆုံးသတ်တဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီ စစ်ရေး လေ့ကျင့်မှုတွေနဲ့ ပတ်သက်ရင် တင်းမာတဲ့ သဘောထားမျိုး ရှိနေပြီး ရန်လို ခြိမ်းခြောက်တဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်ခဲ့ဖူးပါတယ်။

KCNAရဲ့ အဆိုအရ KN-25လို့ နာမည်ပေးထားတဲ့ ဒုံးကျည် ပစ်စင်အသစ် စမ်းသပ်မှုကို ခေါင်းဆောင်ကြီး ကင်ကိုယ်တိုင် ကြီးမှူးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က တောင်ကိုရီးယားကို ရောက်ရှိနေချိန် အတောအတွင်း မြောက်ကိုရီးယားက ဂျပန်ပင်လယ်ဖက် ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားက KN-25ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေကိုပါ ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့လည်း ကြွေးကြော်ထားပါတယ်။ ရှိရင်းစွဲ ဒုံးကျည် ပစ်လွှတ်မှု စနစ်တွေထက် ပိုကြီးတဲ့ ၆၀၀ မမ ပစ်စင်ကြီး လက်တွေ့ စမ်းသပ်မှုတွေကို ခေါင်းဆောင်ကြီး ကင်က ကိုယ်တိုင် ကြီးမှူး စောင့်ကြည့်ခဲ့ကြောင်း၊ အဲဒီလို မဟာဗျူဟာမြောက် စစ်လက်နက်မျိုးဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေမှာ အထူးအရေးပါတယ်လို့ ခေါင်းဆောင်ကြီးက အသိအမှတ် ပြုခဲ့ကြောင်း KCNAက ဖော်ပြသွားပါတယ်။

 

Ref: CNA