တအာင်းဥပဒေအကယ်ဒမီကျောင်းမှာ လူမျိုးပေါင်းစုံတက်ခွင့်ပြုတော့မယ်

မတ်၊ ၁၇
 
တအာင်းဥပဒေအကယ်ဒမီကျောင်းရဲ့ လာမယ့်အပတ်စဉ်တွေမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံကို တက်ရောက်ခွင့်ပြုတော့မှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေ တက်ရောက်နိုင်မယ်လို့ တအာင်းတပ် PSLF /TNLA က အသိပေးလိုက်ပါတယ်။
 
အာဏာသိမ်းပြီးနောက် တနှစ်ဝန်းကျင်အကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီနောက်ဆုံးပတ်က နမ့်ဆန်မြို့နယ်ထဲက TNLA ထိန်းချုပ်ဒေသမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ တအာင်းဥပဒေအကယ်ဒမီဟာ လက်ရှိမှာ အပတ်စဉ် (၂) စတင်နေပြီ ဖြစ်ပါတယ်။
 
မနေ့က စဖွင့်ခဲ့တဲ့ အပတ်စဉ်(၂)မှာတော့ တအာင်းလူငယ်တွေအပြင် ကရင်နီ ကျောင်းသား၊ ကျောင်းသူ လေးဦးလည်း တက်ရောက်နေပြီး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ငါးဆယ်တက်ရောက်မှာဖြစ်ကာ မနေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်အသိပေးပါတယ်။
 
သင်တန်းအပတ်စဉ် (၁) ကို နမ့်ဆန်မြို့နယ်ထဲက ထိန်းချုပ်ဒေသမှာ ဖွင့်လှစ်ခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်တအာင်းဒေသမြို့တွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ TNLA က အခု အပတ်စဉ် (၂) ကိုတော့ နမ္မတူမြို့မှာ ပြောင်းရွှေ့ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
 
မနေ့က ကျောင်းဖွင့်ပွဲမှာ PSLF/TNLA အတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော် တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သင်တန်းကာလအတွင်း ဥပဒေပညာရပ်တွေကို အခြေခံကျကျ လေ့လာဖို့နဲ့ လာမယ့်ကာလတွေမှာ ဒီပလိုမာထက်အဆင့်မြင့်တဲ့ တက္ကသိုလ်ဘွဲ့တွေ ပေးနိုင်ဖို့ စီစဉ်ထားတဲ့အကြောင်း ပြောခဲ့ပါတယ်။
 
တအာင်းဥပဒေအကယ်ဒမီ ကျောင်းအနေနဲ့ လက်ရှိမှာ အပတ်စဉ်တခုကို သင်တန်းကာလ နှစ်နှစ်သတ်မှတ်ထားပြီး တအာင်းဒေသတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့နဲ့ ဒေသတွင်းလိုအပ်နေတဲ့ ရှေ့နေနဲ့ တရားသူကြီးတွေ ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာလို့ ဆိုထားပါတယ်။
 
ဒီအကယ်ဒမီကျောင်းကို တအာင်းဥပဒေအထောက်အကူပြုအဖွဲ့က ဦးဆောင်ကာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပထမဆုံး အပတ်စဉ်မှာ ကျောင်းသူ၊ ကျောင်းသား သုံးဆယ်ကျော် မွေးထုတ်နိုင်ခဲ့ကာ အဲဒီကျောင်းသားတွေဟာ လက်ရှိမှာ ဒေသတွင်းတရားစီရင်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်နေကြပြီလို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
ဓာတ်ပုံ – TNLA