ကျိုက်ဒုံဗျူဟာစခန်းကနေ လက်နက်မျိုးစုံ ကိုးဆယ်ကျော်ရတယ်လို့ KNLA အသိပေး

မတ်၊ ၁၇
 
စစ်ကောင်စီ ဗျူဟာမှူး အပါအဝင် အင်အားခြောက်ဆယ်ကျော် အလံဖြူထောင် လက်နက်ချခဲ့တဲ့ ကျိုက်ဒုံမြို့ ဗျူဟာစခန်းကနေ လက်နက်ကြီး ခုနစ်လက်အပါအဝင် လက်နက်မျိုးစုံ ကိုးဆယ်ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဌာနချုပ်က ဒီကနေ့ ထုတ်ပြန်အသိပေးထားပါတယ်။
 
KNLA ပူးပေါင်းတပ်တွေဟာ ကျိုက်ဒုံဗျူဟာစခန်းကို အခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ စတင်ဝိုင်းပတ်ပိတ်ဆို့ခဲ့ပြီး မတ်လ ၁၄ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
 
အဲဒီစခန်းကနေ သိမ်းဆည်းခဲ့တဲ့ လက်နက်တွေထဲ ၁၂၀ မမ တလက်၊ ၈၁ မမ နှစ်လက်၊ ၆၀ မမ လေးလက် စတဲ့လက်နက်ကြီးတွေနဲ့ ဒရုန်းပစ်သေနတ် နှစ်လက် ပါဝင်ပါတယ်။
 
ဒါ့အပြင် ပခုံးထမ်းလောင်ချာ RPG၊ ပွိုင့် 5၊ ငါးကြင်းမြီး စက်သေနတ် အပါအဝင် လက်နက်ငယ် ၈၆ လက်ကိုလည်း ရရှိခဲ့တယ်လို့ KNLA က ဖော်ပြထားပါတယ်။
 
အစိုးရဌာနဆိုင်ရာ မှတ်တမ်းတွေအရ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာပါပြီး KNU အုပ်ချုပ်ရေး ဖွဲ့စည်းပုံအရတော့ ကော့ကရိတ်မြို့နယ်ထဲမှာပါတဲ့ ကျိုက်ဒုံမြို့ အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်တွေက တလခွဲလောက် ပိတ်ဆို့ထားခဲ့ပြီး အခုလ ၁၃ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ကာ နောက်တရက် ညနေလေးနာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ပိတ်ဆို့ထားစဉ်ကာလအတွင်း လက်နက်ချဖို့ အသိပေးခဲ့ပေမယ့် အခုလအတွင်း အပြင်းအထန်ထိုးစစ်ဆင်တော့မှ ဗျူဟာမှူးနဲ့ အရာရှိတွေ အပါအဝင် အင်အားခြောက်ဆယ်လောက် လက်နက်ချခဲ့ကြတာလို့ KNU တပ်မဟာ-၆ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်က DNA ကိုပြောထားပါတယ်။
 
ကျိုက်ဒုံဗျူဟာကုန်းစခန်းမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးနဲ့အတူ စစ်သား၊ ရဲတပ်ဖွဲ့ဝင်အပါအဝင် အင်အားတရာကျော် တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး အောင်ကျော်စိုး အပါအဝင် တပ်ဖွဲ့ဝင် ခြောက်ဆယ်ကျော် လက်နက်ချခဲ့တာပါ။
 
ကျိုက်ဒုံဗျူဟာကုန်း စခန်းဟာ ကြာအင်းဆိပ်ကြီး မြို့နယ်ကို အကာအကွယ်ပေးထားတဲ့ ရှေ့တန်းစခန်း တခုဖြစ်သလို ပိုင်ခလိုင် လို့ခေါ်တဲ့ ထိုင်းနယ်စပ် ထွက်ပေါက်ကို ထိန်းချုပ်နိုင်တဲ့ ရှေ့တန်းစခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – KNLA