ဆီဆိုင်မြို့ကို စစ်တပ်က တင့်ကားသုံးစီးနဲ့ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲဖြစ်နေ

မတ်၊ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့ကို စစ်တပ်က တင်ကားသုံးစီးနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် PNLA ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံ က DNA ကိုပြောပါတယ်။

“သူတို့အခု ရှေ့တန်းမှာလိုက်ပြီးတော့ စစ်ကြောင်းထိုးနေတဲ့အထဲ တင့်ကားက သုံးစီးပါလာတာတွေ့ရတယ်။ သူ တို့ တင်ကားတွေသံချပ်ကာကားတွေအသုံးပြုပြီးတော့ ထိုးစစ်ဆင်ဖို့ကြိုးစားတယ်ပေါ့လေ အဲဒါနဲ့တိုက်ပွဲဖြစ် ပွားနေတာရှိတယ် ” လို့ သူကပြောပါတယ်။

စစ်ကောင်စီက ဒီလ ၁၃ ရက်နေ့မှာ ဆီဆိုင်မြို့အတွင်းကို သံချပ်ကာကားတွေ တင့်ကားတွေ အသုံးပြုပြီး စစ် ကြောင်းထိုးလာတဲ့အတွက် မြို့မြောက်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့တယ်လို့ PNLA ကဆိုထား  ပါတယ်။

ဒါ့အပြင် စစ်တပ်က မြို့အရှေ့မြောက်ဘက်မှာရှိတဲ့ မွေတော်ဘုရားကုန်းမှာ လက်နက်ကြီးတွေတပ်ဆင်  အထိုင် ချပြီး ဆီဆိုင်မြို့တွင်းကို လက်နက်ကြီးတွေဒရုန်းတွေနဲ့ အကြိမ် တရာကျော် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မြို့အတွင်း နေအိမ်တွေပျက်စီးတာလည်းရှိတယ်လို့ ဆိုပါတယ်။

မွေတော်ဘုရားကုန်းအနီးရှိ ပြည်သူလူထုရဲ့ နေအိမ်တွေကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးထားတယ်လို့ PNLA ကထုတ်ပြန်ထားပါတယ်။

“ စစ်ကောင်စီကတော့ အဲလိုမျိုးဘုရားတွေ ကျောင်းတွေ ဘာသာရေးအဆောက်အဦးတွေမှာ တပ်စွဲပြီးတော့ မြို့ကို ပစ်ခတ်ဖျက်ဆီးတာတွေလုပ်နေတာပေါ့၊အဲဒါကို ထိုးစစ်ဆင်ပြီးတော့မှ ပြန်တိုက်ခိုက်မယ်ဆိုရင်လည်း ဘာသာရေးအဆောက်အဦးကို ထိမယ် အဲဒါကျ ဝါဒါမှိုင်းတွေဖြန့်မယ် တော်လှန်ရေးသမားနဲ့ ဒေသခံကြား သွေး ခွဲမယ် ရန်တိုက်မယ် အဲလိုမျိုးတွေ လုပ်နေတဲ့ပုံစံတော့တွေ့ရတယ်”  လို့ ခွန်ရိန်းယံ ကပြောပါတယ်။

ဆီဆိုင်မြို့အနောက်ဘက်တနေရာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ PNLA တို့ မတ်လ ၁၃ ရက်ကလည်း တနာရီ နီးပါးထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိနှစ်ဦးနဲ့တပ်ဖွဲ့ဝင်၁၁ဦး  ဒဏ်ရာရသွား တဲ့နောက် စစ်  တပ်က ပြည်သူပိုင်ကားတွေကို ဖမ်းဆီးကာ ဒဏ်ရာရသူတွေနဲ့အတူ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

“ မနေ့က အခြေအနေကတော့ လက်နက်သိမ်းမိတာမရှိဘူး၊ သူတို့ဆီဆိုင်မြို့ကို စစ်ကြောင်းထိုးဖို့လု ပ်နေတာဖြစ် နိုင်တယ်၊အခုလည်း ဆီဆိုင်မြို့ကို ပြန်ရဖို့လုပ်တာလား ဘယ်လိုရည်ရွယ်ချက်လည်းအတိအကျမသိဘူး ဒါပေ မယ့် သေချာတာကတော့ မြို့ကို အလုံးစုံပျက်စီးအောင်လုပ်နေတာတော့တွေ့ရတယ် ” လို့ ခွန်ရိန်းယံကပြော ပါတယ်။

ဆီဆိုင်မြို့ကို လက်လွတ်ထားရတဲ့ စစ်တပ်က မြို့အနီးရှိ ဆိုက်ခေါင်ကျေးရွာဘောလုံးကွင်းက တဆင့် မြို့အတွင်း ကို နေ့စဉ်ဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ဒရုန်းနဲ့ ဗုံးသီးချတာတွေကြောင့် မြို့မစျေးကြီးတခုလုံး အပါ အ၀င် ပြည်သူပိုင်နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။

“ တရက်ကို လက်နက်ကြီးနဲ့ရာနဲ့ချီပစ်နေတာဆိုတော့ ပြီးတော့ မီးလောင်ဗုံးနဲ့လည်း ကြဲနေတာဆိုတော့ ဒါက မြို့ ကို ပြန်ရဖို့ လုပ်တယ်မလုပ်ဘူးဆိုတာထက် မြို့ကို အလုံးစုံ ပျက်စီးသွားအောင်လုပ်နေတာတော့ မြေပြင်မှာ တွေ့နေရတယ် ” လို့ ခွန်ရိန်းယံ ကပြောပါတယ်။

အလားတူပဲ ဒီလ ၁၃ ရက်နေ့မှာ စစ်တပ်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျောက္ကဆျားရွာအနီးကို တိုက် ခိုက်ရေး ရဟတ်ယာဉ် MI-35 နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူလူထု ထိခိုက်မှုမရှိပေမယ့် ဒေသခံတွေ ကြောက်လန့်ပြီး နီးစပ်ရာ တောတောင်တွေအတွင်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါ တယ်။

စစ်တပ်က ပအိုဝ်းဒေသရှိ ဆီဆိုင်မြို့ကို လက်လွတ်ခဲ့ရပြီးနောက်ပိုင်း သူတို့လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PN0) နဲ့ပူးပေါင်းပြီး အဲဒီဒေသရှိ တိုင်းရင်းသားတွေကို ရွာစဉ်အလိုက် မဲနှိုက်ကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်း ပြီး ရှေ့တန်းမှာ ပါ၀င်တိုက်ခိုက်ခိုင်းနေတယ်လို့လည်း PNLA ဘက်ကပြောထားပါတယ်။

ဒါအပြင် ရှမ်းပြည်တောင်ပိုင်းမြို့တော်တောင်ကြီးဘက်ကတဆင့် ဆီဆိုင်မြို့ဘက်ကို လက်နက်နဲ့ လူအင်အား တွေဖြည့်တင်းကာအခုလို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။