ရုရှားရဲ့ လုံခြုံရေး ထိခိုက်လာပြီလို့ ယူဆရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်လို့ ပူတင် ခြိမ်းခြောက်

မတ်၊ ၁၃

တကယ်လို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်မှု ရှိလာတယ်လို့ ယူဆရတဲ့ အခြေအနေတွေ ကြုံလာရင် နျူကလီးယား လက်နက်တွေ ထုတ်သုံးဖို့ ဝန်လေးနေမှာ မဟုတ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။ 

ရုရှားဟာ နိုင်ငံရဲ့ ရပ်တည်မှု၊ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာတွေ ထိပါးခံလာရပြီ ဆိုတာနဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုဖို့ အဆင်သင့် ရှိနေတယ်လို့ ပူတင်က အစိုးရ မီဒီယာကို ပြောကြားခဲ့ပါတယ်။ ပူတင်က အမေရိကန် အနေနဲ့ နျူကလီးယား စစ်ပွဲကို မီးမွှေးမိသလို ဖြစ်သွားစေနိုင်တဲ့ အပြုအမူတွေကို ဆင်ခြင်ဖို့ မျှော်လင့်ကြောင်းလည်း ပူတင်က ဆိုပါတယ်။

ပူတင်ဟာ ယူကရိန်း စစ်ပွဲ စတင်လာချိန် ကတည်းက ရုရှားရဲ့ နျူကလီးယား လက်နက်တွေကို လက်တွေ့ ထုတ်သုံးလာနိုင်တယ်ဆိုတဲ့ သဘောမျိုး အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုတွေဟာ ရွေးကောက်ပွဲကြို ကာလမှာ ပိုမိုသိသာလာခဲ့ပါတယ်။

ရုရှား အစိုးရ မီဒီယာ တခုနဲ့ အင်တာဗျူးမှာတော့ ပူတင်က အမေရိကန် သမ္မတ ဘိုင်ဒန်ဟာ ဝါရင့် နိုင်ငံရေးသမား တဦးဖြစ်တာကြောင့် နျူကလီးယား ပဋိပက္ခနဲ့ ပတ်သက်တဲ့ အလားအလာတွေ မြင့်တက်လာခြင်းဟာ ဘယ်လောက် အန္တရာယ် ကြီးမလဲဆိုတာ ကောင်းကောင်း နားလည်မယ်လို့ မျှော်လင့်ကြောင်း သွယ်ဝိုက် သတိပေးသွားပါတယ်။

တချိန်တည်းမှာပဲ ရုရှားရဲ့ နျူကလီးယား တပ်ဖွဲ့တွေဟာ ဖြစ်လာနိုင်ခြေ အားလုံးအတွက် စစ်ရေးအရရော၊ မဟာဗျူဟာနဲ့ နည်းဗျူဟာ ရှုထောင့်တွေ အရပါ အသင့်အနေအထား ပြင်ဆင်ထားမယ်လို့လည်း ပူတင်က ဆိုပါတယ်။

ယူကရိန်း စစ်ပွဲမှာ နျူကလီးယား လက်နက်တွေ ထုတ်သုံးမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ပူတင်က အဲဒီအခြေအနေမျိုး မလိုအပ်လောက်ဘူးလို့ ယုံကြည်ကြောင်း ပြန်ဖြေခဲ့ပါတယ်။ ရုရှားဟာ နျူကလီးယား စစ်လက်နက်တွေကို ထုတ်သုံးရပြီ ဆိုရင်လည်း နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာ ထိပါးခံရမှု အန္တရာယ်တွေ အတွက်သာ ဖြစ်နိုင်တယ်လို့ သူက ပြောကြားသွားပါတယ်။

 

Ref: AFP