ဖားကန့်မှာ နွံကန်ပြိုကျလို့ လူသုံးဆယ်ထက်မနည်း သေဆုံး၊ စက်ယန္တယား ဆယ်နဲ့ချီဆုံးရှုံး

မတ်၊ ၁၂
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မနကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခုမှာ ဒီကနေ့ မနက်အစောပိုင်းက နွံကန်ပေါက်ပြီး မြေပြိုကျခဲ့တာကြောင့် ကျောက်မျက်ရှာဖွေသူ သုံးဆယ်ထက်မနည်း နစ်မြုပ်သေဆုံးနိုင်ပြီး စက်ယန္တယားလည်း ဆယ်နဲ့ချီ မြေပြိုတဲ့အထဲ ပါသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦးက ပြောပါတယ်။
 
“ကုမ္ပဏီလုပ်ကွက်ဖြစ်တဲ့အတွက်ကြောင့် အပြင်က ရေမဆေးရှာတဲ့သူတွေတော့ မပါဘူး၊ အားလုံးက ကုမ္ပဏီကလူတွေကို ပြောတယ်၊ မျက်မြင်တွေပြောတာပေါ့၊ လူသုံးဆယ်လောက်သွားနိုင်တယ်ပေါ့နော်၊ နောက်ပြီး မြေသယ်ယာဉ်တွေ ဘတ်ဖိုးတွေလည်း ဆယ်စီးကျော်လောက် မြုပ်သွားပါတယ်” လို့ သူကပြောပါတယ်။
 
ဒီကနေ့ မတ်လ ၁၂ ရက်မနက်အစောပိုင်းမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခုက ကျောက်စိမ်းတူးဖော်နေစဉ် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံတွေထားတဲ့ နွံကန်မှာ ရုတ်တရတ်ပြိုကျသွားတာကြောင့် ကျောက်မျက်တူးဖော်သူတွေအပါအ၀င် စက်ယန္တယားတွေပါ နွံကန်အတွင်းနစ်မြုပ်သွားတာပါ။
 
အဲဒီနွံကန်ပေါက်ကျမှုကြောင့် ကုမ္ပဏီပိုင် မြေသယ်ယာဉ်အကြီး ဆယ်စီးလောက်နဲ့ ဘတ်ဖိုး ခြောက်စီးလောက် နစ်မြုပ်သွားတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။
 
လတ်တလောမှာ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်နေပေမယ့် နွံကန်ဖြစ်နေတဲ့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ အထက်ပါ ကူညီရေးလုပ်ကိုင်သူက ပြောပါတယ်။
 
“ကျွန်တော်တို့ကို အထဲဆင်းမရဘူး နွံဆိုတော့ မြုပ်မြုပ်သွားတယ်၊ နွံကန်ဆိုတော့ ဘယ်လိုမှ အဲဒီအထဲ ဆင်းလို့အ ဆင်မပြေဘူးဗျ” လို့ သူကဆက်ပြောပါတယ်။
 
နွံကန်ပေါက်သွားတဲ့ ကုမ္ပဏီရဲ့ နာမည်ရဲ့ နာမည်နဲ့ ဘယ်သူပိုင်ဆိုင်တယ်ဆိုတာကိုတော့ DNA က အသေးစိတ်မသိရသေးသလို လတ်တလောမှာ ကုမ္ပဏီအတွင်းနွံကန်ပေါက်မှုကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဓာတ်ပုံရိုက်ကူးတာတွေ မလုပ်ကြဖို့ လိုက်လံတားမြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
“ကုမ္ပဏီထဲဆိုရင် အပြင်ကလူတွေကို လွယ်လွယ်နဲ့ ၀င်ထွက်ခွင့်မပြုဘူးဗျ၊ သူတို့နာမည်တွေကိုလည်း တလွဲတွေပြောကြတာများတယ်၊ အခုဖြစ်တဲ့နေရာက အရင်ကတော့ ရေကန်ကြီးပေါ့ဗျ၊အဲဒီထဲကို မြေစာတွေဖို့ကြရင် ရေနဲ့မြေတွေရောပြီး နွံကန်ဖြစ်သွားတာပါ” လို့ သူကဆက်ပြောပါတယ်။
 
အဲဒီနွံကန်ပေါက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ငါးဦးလောက်ကို လူမှုကယ်ဆယ်ရေးအသင်းတွေက ဖားကန့်မြို့ဆေးရုံ ကြီးကို ပို့ပေးထားတယ်လို့လည်း သိရပါတယ်။
 
ဖားကန့်က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေအားလုံးဟာ သက်တမ်းကုန်ဆုံးနေပြီ ဖြစ်ကာ ဆက်လက် တူးဖော်ခွင့် မရှိတော့ပေမယ့် ကုမ္ပဏီအများစုက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေကို ငွေကြေးပေးသွင်းပြီး ကျောက်မျက်တူးဖော်မှုဆက်လုပ်နေကြတာလို့ ဒေသခံတွေက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းတုန်းကလည်း မနမှော်ရှိ ကျောက်မျက်လုပ်ကွက်တခုမှာ မြေစာပုံပြိုကျခဲ့တာကြောင့် လူသုံးဆယ်ကျော် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရှိသူတွေလည်းအများအပြားရှိခဲ့ပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း မနုမှော်ထဲက လုပ်ကွက်တခုမှာ မြေစာပုံပြိုကျခဲ့စဥ်