တိုက်ပွဲဖြစ်နေတဲ့ ရခိုင်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ သိသိသာသာ လျော့ကျ

မတ်၊ ၁၁

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း(၁၂တန်း)စာမေးပွဲဖြေဆိုတဲ့ ကျောင်းသူ၊ ကျောင်း သားဦး ရေ အရင်နှစ်တွေကထက် သိသိသာသာ လျော့ကျသွားခဲ့တယ်လို့ ပညာရေးဝန်ထမ်းဆရာ၊ဆရာမတွေက ပြောဆိုကြ  ပါတယ်။

အခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနထက်ဝက်နီးပါး လျော့ကျသွားတာ၊ သွားရော က်ဖြေဆိုရမယ့် စာစစ်ဌာနနဲ့ နေထိုင်ရာဒေသတွေ အလှမ်းဝေးတာ၊ လုံခြုံရေးအရ သွားလာဖို့ အဆင် မ ပြေတာစတဲ့အချက် တွေကြောင့် လျော့ကျသွားတာဖြစ်နိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းကပြောပါတယ်။

“ဒီဘက်(မြောက်ပိုင်းတခုလုံး)မှာ စစ်တွေမြို့တခုတည်းမှာပဲ စစ်တာ၊ လူတိုင်းလာမဖြေကြဘူး၊ စစ်တွေက ကျောင်း သား တွေတောင် ထက်ဝက်ကျော်လောက်ပဲ လာဖြေတယ်၊ တခြားမြို့နယ်တွေကပိုဆိုးတာပေ့ါ၊လာဖြေတာဆယ်ဂဏန်းလောက် ပဲရှိမယ်၊ဆယ်ပုံတပုံတောင်မပြည့်ဘူး”လို့ ပညာရေးမှူးရုံးနဲ့နီးစပ်တဲ့ အထက်တန်းပြကျောင်းဆရာ တဦးက ပြောပါတယ်။

AA သိမ်းပိုက်ထားတဲ့ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ရမ်းဗြဲမြို့နယ်စတဲ့မြို့နယ်ဆယ်ခုမှာ စာစစ်ဌာန မရှိဘဲ ပြည်နယ် မြောက်ပိုင်းမှာဆိုရင် စစ်တွေတခုတည်းမှာသာ စာစစ်ဌာနဖွင့်လှစ်စစ်ဆေးတာပါ။

စာစစ်ဌာနလုံး၀မရှိတဲ့ အဲဒီမြို့နယ်တွေမှာ အရင်ပုံမှန်နှစ်တွေတုန်းက မြို့နယ်တခုစီမှာ တက္ကသိုလ်ဝင်တန်းစာမေး ပွဲဖြေဆိုတဲ့ ကျောင်းသူ၊ ကျောင်းသား တထောင်ဝန်းကျင်ရှိခဲ့ပြီး အခုနှစ်မှာတော့ စာမေးပွဲဖြေဆိုသူမရှိသလောက် ဖြစ်ခဲ့တယ်လို့ ပညာ ရေးဝန်ထမ်းတွေက ပြောဆိုပါတယ်။

“ရသေ့တောင်ကဆို စာမေးပွဲ သွားဖြေတာ သုံးဆယ်လောက်ပဲရှိတယ်ကြားတယ်”လို့ ရသေ့တောင်မြို့နယ်ဒေသခံ အလယ် တန်းပြကျောင်းဆရာတဦးက ပြောပါတယ်။

အလားတူပဲ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောစတဲ့မြို့နယ်တွေမှ တက္ကသိုလ်ဝင်တန်းကျောင်း သား တွေဟာ လည်း သွားရောက်ဖြေဆိုတာ အလွန်နည်းပါးတယ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။

“ဒီက ကလေးတွေလည်း မသွားကြဘူး၊ ကျွန်မတို့သိသလောက်ကျောင်းတွေဆို သွားတာ မရှိဘူး”လို့ ကျောက် တော်မြို့နယ် ဒေသခံ မူလတန်းပြဆရာမတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အလယ်ပိုင်းရမ်းဗြဲမြို့နယ်ထဲက ကျောင်းသားအများစုကတော့ ကျောက်ဖြူမြို့ပေါ်ကို သွားရောက် ဖြေဆိုခဲ့ ကြတယ်လို့ အဲဒီက ဒေသခံဆရာ၊ ဆရာမတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်တခုလုံးမှာ သွားလာခွင့် ပိတ်ပင်ထားပြီး စျေးလာဝယ်သူ၊ ဆေးခန်းလာပြသူတွေ ကိုပါ ဖမ်း ဆီးမှုတွေရှိနေတာ၊ စစ်တွေမြို့တွင်း လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတာတို့ကြောင့် ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေက ကျောင်းသားတွေဟာ စစ်တွေမြို့ကိုသွားရောက်ဖြေဆိုခြင်းမရှိကြတာလို့ ကျောင်း  သားမိဘတွေက ပြောကြပါတယ်။

“(စာမေးပွဲဖြေမယ့်)ကလေးတွေကို စောင့်ပေးဖို့သွားတဲ့ မိဘတွေကိုတောင် ဖမ်းနေတာ၊ မသွားရဲဘူး၊ ကျွန်တော်  တို့လည်း မသွားလိုက်တော့ဘူး၊ ကလေးတွေတော့ တနှစ် နစ်နာတာပေါ့”လို့ ပေါက်တောမြို့နယ်က တက္ကသိုလ် ဝင်တန်းဖြေဆိုရမယ့် ကျောင်းသားတဦးရဲ့ ဖခင်က ပြောပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့ကို လစာထုတ်ဖို့လာတဲ့ ကျောက်တော်နဲ့မြောက်ဦးမြို့နယ်တို့က မြို့နယ်ပညာရေးမှူး၊ ရုံးဝန်ထမ်း တွေနဲ့ အခန်းစောင့်ဖို့လာကြတဲ့ ဆရာ၊ ဆရာမ နှစ်ဆယ်ဝန်းကျင်ကိုလည်း အခု မတ်လ ၇ ရက်မှာ ဖမ်း ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ပညာရေးဝန်ထမ်းတွေကပြောကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ အဲ့ဒါဟာ သတင်းအမှားသာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

အခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသူဘယ်နှစ်ဦးရှိတယ်ဆိုတဲ့ အ သေးစိတ် အချက်အလက်တွေကိုတော့ DNA က မသိရသေးပါဘူး။လက်ရှိ ရခိုင်တောင်ပိုင်းဒေသတွေက တက္ကသိုလ်ဝင်တန်းစာ မေးပွဲမှာတော့ ကျောင်းသားအများစုဖြေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဆရာ၊ ဆရာမတချို့ကတော့ အခုနှစ်မှာ ရခိုင်ပြည်နယ်တခုလုံးအတွင်း တက္ကသိုလ် ဝင် တန်းစာ မေးပွဲဖြေဆိုသူ တသောင်းဝန်းကျင်သာရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစနစ်ဟောင်းနောက်ဆုံးနှစ် ဖြေဆိုရတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စာမေးပွဲ  ဖြေဆိုသူ ၁၉၁၆၅ ဦး ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ငါးသောင်းနီးပါးနဲ့ ၂၀၂၁ ခုနှစ်မှာ လေးသောင်းကျော်ရှိခဲ့ပါတယ်။

အခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဒီနေ့ မတ်လ ၁၁ ရက်ကစလို့ ၁၉ ရက်အထိ ပြုလုပ်မယ်လို့ စစ် ကောင်စီ ပညာရေးဌာနက ကြေညာထားပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ စနစ်သစ်သင်ရိုး (၁၂ တန်း) အတွက် ပထမဆုံးစစ်ဆေးရမယ့်နှစ်လည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့ကို သိမ်း ပိုက် ထားတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရေ  တို၊ ရေရှည် ပညာရေးအစီအစဉ်တွေ ပြင်ဆင်နေပြီး ရေတိုမှာ ကျောင်းသားတွေမနစ်နာစေရေးအတွက် ၁၂ တန်းနဲ့ အစိုးရစစ်အတန်း တွေဖြစ်တဲ့ ၅ တန်း၊ ၈ တန်းစာမေးပွဲတွေကိုကျင်းပပေးဖို့ စီစဉ်နေတယ်လို့ ဆိုထားပါတယ်။

ပုံစာ- ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုနေကြတဲ့ ကျောင်းသားတချို့ကိုရသေ့တောင်မြို့နယ်မှာတွေ့ရစဉ်။