သထုံက ဒီချုပ်ရပ်ကျေးပါတီ ဥက္ကဌဟောင်းတဦး နေအိမ်မှာ ပစ်သတ်ခံရ

မတ်၊ ၁၁
 
မွန်ပြည်နယ်၊ သထုံမြို့နယ်က NLD ပါတီရပ်ကျေးဥက္ကဌတဦးဟာ မနေ့ မတ်လ ၁၀ ရက် ည ၇ နာရီလောက် နေအိမ်မှာရှိနေချိန် သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်တာကြောင့် နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“အိမ်အောက်မှာပဲ ရှိနေတာ၊ အဲဒါလူငယ်နှစ်ဦးက သေနတ်နဲ့ ဝင်ပစ်သွားတာ၊ သေသွားတာပေါ့၊ ဆေးရုံတောင်မရောက်ဘူး၊ အိမ်မှာပဲ သေသွားတာ” လို့ ဖြစ်စဉ်ကို သိရတဲ့ သထုံဒေသခံတဦးက DNA ကို ပြောပါတယ်။
 
သေဆုံးသွားသူဟာ ထောင်မှူးကျေးရွာအုပ်စု မြတ်စံကြီးကျေးရွာက အသက် ၆၀ နှစ်အရွယ် ဦးရွှေလှဦးဖြစ်ပြီး သူ့နေအိမ်မှာ ရှိနေချိန် ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားတာဖြစ်ပါတယ်။
 
သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးရွှေလှဦးဟာ ရင်အုံ၊ ဆီးခုံတို့မှာ ကျည်ဖောက်ထွင်းဒဏ်ရာနှစ်ချက်နဲ့ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
ဦးရွှေလှဦးဟာ ၂၀၁၂ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီရပ်ကျေးဥက္ကဌအဖြစ်စတင်တာဝန်ယူခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ပါတီလုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်း မရှိတော့ဘူးလို့ လုပ်ဖော်ကိုင်ဖက်ပါတီဝင်တဦးက ပြောပါတယ်။
 
“သူက အခုတော့ ပုံမှန်အတိုင်းပဲ ရော်ဘာခြစ်ရင်းနဲ့ မိသားစုတွေနဲ့ ဘဝကို အေးချမ်းဖြတ်သန်းနေတာ၊ သူက နည်းနည်း ကြောက်တတ်တယ်၊ အာဏာသိမ်းပြီးတော့ ကျွန်တော်တို့နဲ့လည်း ဆက်သွယ်မရှိတော့တာ ကြာပြီ” လို့ သူက ပြောပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် သထုံမြို့နယ်မှာ ဒီချုပ်ပါတီဝင်တချို့ဖမ်းဆီးခံရတာ ရှိပေမယ့် ပါတီဝင်အသတ်ခံရတဲ့ ဖြစ်စဉ်က ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
 
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေဘက်က ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ပြောဆိုကြတာ မရှိသလို DNA နဲ့အဆက်အသွယ်ရတဲ့ တပ်ဖွဲ့တချို့ကတော့ သူတို့နဲ့မပတ်သက်ကြောင်း ပြောကြပါတယ်။
 
“ Local pdf တွေလား၊ စစ်ကောင်စီလား၊ ဘယ်အဖွဲ့က လုပ်တာလဲကို မသိတာ၊ ကျွန်တော်တို့ ပကဖက မဟုတ်တာတော့ သေချာတယ်” လို့ မွန်ပြည်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒုတာဝန်ခံက ပြောပါတယ်။
 
ဒါ့အပြင် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု (TPDF)မှ တာဝန်ရှိသူတဦးကလည်း သူတို့အဖွဲ့တွေအနေနဲ့ ဒလန်ရှင်းလင်းတဲ့ကိစ္စ လုံးဝဆောင်ရွက်တာမျိုး မရှိဘဲ စစ်ရေးလှုပ်ရှားမှုတွေသာ အဓိကဆောင်ရွက်တယ်လို့ ဆိုပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးနဲ့ ပါတီဝင် ၁၉၀၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ ပါတီဝင်တရာဦးတို့က မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက အခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Google