ဘက်ကင်ဟမ် နန်းတော် ဂိတ်တံခါးကို ကားနဲ့ဝင်တိုက်မှုကို လန်ဒန် ရဲတပ်ဖွဲ့ စစ်ဆေးနေ

မတ်၊ ၁၁

ဘက်ကင်ဟမ် နန်းတော်ရဲ့ ဂိတ်တံခါးကို ကားတစီး ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် ဗြိတိန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

တော်ဝင် မိသားစု နေထိုင်ရာ လန်ဒန်မြို့လယ် နန်းတော်ကြီးရဲ့ ဂိတ်ပေါက်ကို မတ်လ ၁၀ ရက် မနက်အစောပိုင်းတုန်းက ကားတစီးက ဝင်တိုက်ခဲ့တာလို့ လန်ဒန် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ဆိုပါတယ်။ ယာဉ်မောင်း အမျိုးသားရဲ့ နာမည်ကို ရဲတွေက မကြေညာသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ ရာဇဝတ်မှုမြောက်တဲ့ ထိခိုက်ပျက်စီးစေမှု စွပ်စွဲချက်မျိုးနဲ့ တရားရင်ဆိုင်ရနိုင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ 

ကားဟာ နန်းတော်ရဲ့ ဂိတ်တံခါးကို မတော်တဆ တိုက်မိတာလား၊ ရည်ရွယ်ချက်ရှိရှိ တိုက်မိတာလား ဆိုတာကလည်း သတင်းတွေ ရှုပ်ထွေးနေပါတယ်။ ဒါပေမဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒနဲ့ ဆက်စပ်တဲ့ ဘာအထောက်အထားမျိုးမှတော့ မတွေ့ခဲ့ရဘူးလို့ ဗြိတိန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အခင်းဖြစ်ချိန်က ဘင်ကင်ဟမ် နန်းတော်ထဲမှာ တော်ဝင်မိသားစုတွေ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

ဗြိတိန် တော်ဝင်မိသားစု အဆက်ဆက်ဟာ ဘက်ကင်ဟမ် နန်းတော်ကို နန်းစိုက်ရာ အိမ်တော်အဖြစ် ၁၈၃၇ ခုနှစ် ကတည်းက သတ်မှတ် နေထိုင်လာခဲ့ကြတာပါ။ လက်ရှိ အချိန်မှာလည်း စည်းမျဉ်းခံ ဘုရင်စနစ်ရဲ့ ဌာနချုပ် အဆောက်အအုံလည်း ဖြစ်လာခဲ့ပါတယ်။

မနှစ်တုန်းကလည်း ချားလ်စ်ဘုရင်ရဲ့ တရားဝင် နန်းတက်ပွဲ မတိုင်ခင် ၄ ရက်လောက် အလိုမှာ နန်းတော်ကို ပြောင်းတိုသေနတ် ကျည်ကတ်တွေ အပါအဝင် အရာဝတ္ထု ပစ္စည်း တချို့နဲ့ လှမ်းပစ်ပေါက်ခဲ့တာကြောင့် အမျိုးသားတဦး ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

 

Ref: Sky