ထွက်ပြေးနေတဲ့ တိုင်းဗဟို(၉)အုပ်ချုပ်ရေးဌာနမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က အသေဖမ်းမိ

မတ်၊ ၁၀
 
လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေတဲ့ မင်းပြားမြိုနယ် အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ အုပ်ချုပ်ရေးဌာနမှူး ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အသေဖမ်းမိခဲ့ပြီး ဓါးစားခံ ပြည်သူတွေအား ကယ်တင်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ပါတယ်။
 
ဒုဗိုလ်မှူးကြီးရဲထွဋ်ဝင်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးဝန်းကျင်မှ ဒေသခံအရပ်သားနှစ်ဆယ်ကျော်ကို ဓါးစားခံအဖြစ် ဖမ်းခေါ်ကာ ထွက်ပြေးနေခဲ့ပြီး AA က မတ်လ ၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အသေဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဓါးစာခံတွေကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ AA ရဲ့စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
“တိုင်းဗဟို(၉)ကို သိမ်းတဲ့နေ့တည်းက အကြီးပိုင်းတွေ ထွက်ပြေးသွားခဲ့တာ၊ အဲဒါကို ကိုယ့်ဖက်က လိုက်တိုက်တာပေါ့၊ တိုက်ပွဲတွေဖြစ်ပြီး အသေဖမ်းရတယ်၊ အရှင်ဖမ်းရတာတွေလည်း ရှိတယ်” လို့ မင်းပြားဒေသခံ သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
AA ဟာ မင်းပြားမြို့နယ် ကမ်းနီးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အပြီးပြတ် သိမ်းပိုက်ရရှိခဲ့ပြီး အဲဒီထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ထွက်ပြေးလွတ်မြောက်နေခဲ့ကြတာပါ။
 
လက်ရှိမှာလည်း ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေသေးတာမို့ ပြည်သူတွေအနေနဲ့ နေ့၊ ည သွားလာတဲ့အချိန်တွေမှာ သတိထားသွားလာကြဖို့၊ လုံခြုံရေးသတိရှိကြဖို့ AA က အသိပေးထားပါတယ်။
 
AA အနေနဲ့လည်း ထွက်ပြေးနေကြတဲ့ ရန်သူတွေကို တယောက်မကျန် ဖမ်းဆီးရမိစေရေး လိုက်လံကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
 
ရခိုင်ဒေသအတွင်း ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စောစီးစွာ လက်နက်ချရင် အသက်ရှင်ခွင့်မှာဖြစ်လို့ အချိန်မနှောင်းခင် လက်နက်ချ၊ အလံဖြူထောင်ကြဖို့ ထပ်မံသတိပေးကြောင်း AA ရဲ့ (မတ်လ ၈ ရက်၊ ၉ ရက်) စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
 
လက်နက်ချ အညံ့မခံတဲ့ စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့လည်း သတိပေးပါတယ်။
 
AA ဟာ ရခိုင်ဒေသတိုက်ပွဲ သုံးလကျော်အတွင်း ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ ရခိုင်ပြည်နယ်မှ မြို့နယ် ခုနှစ်ခုတို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့မှာလည်း ထိုးစစ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။
 
ဓာတ်ပုံ – AA Info Desk