ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်း မျှော်လင့်ချက်ကို ဟေလီစွန့်လွှတ်

မတ် ၊ ၇

 ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်နိုင်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ်ခဲ့သူ နစ်ကီဟေလီဟာ သူ့ရဲ့ ရည်မှန်းချက်ကို လက်လျှော့ စွန့်ခွာလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို ထောက်ခံ ရပ်တည်ပေးသွားမလဲ ဆိုတာကိုတော့ တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းက အတိအကျ ထုတ်မပြောသေးပါဘူး။

 ဟေလီဟာ ဒေါ်နယ်လ်ထရမ့် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ကာလတွေအတွင်း ထရမ့်က ခန့်အပ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီရာထူးကနေ ဟေလီ နုတ်ထွက်ခဲ့ပြီး ရီပတ်ဘလစ်ကန် ပါတီထဲမှာ ကိုယ်တိုင် သမ္မတအဖြစ် အရွေးခံနိုင်ဖို့ ထောက်ခံမှုတွေ လက်တွေ့ စုစည်းလာချိန်ကစလို့ သူတို့နှစ်ဦးကြား ဆက်ဆံရေးက ခါးသီးလာခဲ့ပါတယ်။

 ဟေလီဟာ ပါတီကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ထရမ့်ကို နောက်ဆုံးအချိန်ထိ စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း Super Tuesdayလို့ခေါ်တဲ့ ပြည်နယ်အလိုက် မဲပေးမှုတွေ အများအပြား လုပ်ဆောင်ခဲ့တဲ့နေ့မှာ ရလဒ်ဆိုးရွားခဲ့တဲ့နောက် မာန်လျှော့လိုက်တာ ဖြစ်ပါတယ်။ ပြည်နယ် ၁၅ ခုစာ မဲပေးမှုတွေမှာ ထရမ့်က ဟေလီကို အသာအယာ အနိုင်ယူခဲ့တဲ့နောက် ရီပတ်ဘလစ်ကန် ပါတီထဲမှာ လူကြိုက်အများဆုံး သမ္မတလောင်းအဖြစ် ရှိနေဆဲ ဆိုတာကို လက်တွေ့ ပြသွားခဲ့ပါတယ်။

 တောင်ပိုင်း ကာရိုလိုင်းနားက ချာလက်စတန်မြို့မှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံခဲ့ချိန် မိန့်ခွန်းထဲမှာ ဟေလီက သူ့ရဲ့ စည်းရုံး မဲဆွယ်မှုတွေ ရပ်နားဖို့ အချိန်တန်လာပြီဖြစ်ကြောင်း၊ သူ့အနေနဲ့ အမေရိကန် ပြည်သူတွေရဲ့ လိုလားတဲ့ အသံတွေအတိုင်း ဖြစ်လာစေချင်ကြောင်း၊ သူရွေးချယ်ခဲ့သမျှအတွက်လည်း နောင်တလုံးဝမရကြောင်း ပြောကြားသွားခဲ့ပါတယ်။

 ဟေလီက ထရမ့်ဟာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာထိုက်တယ်လို့ ဂုဏ်ပြု ချီးကျူးသွားပေမယ့် သူကိုယ်တိုင်က ထရမ့်ကို ရွေးကောက်ပွဲမှာ အားပေး ထောက်ခံသွားမလား ဆိုတာကိုတော့ ထည့်ပြောမသွားပါဘူး။ ဟေလီဟာ သဘောထား​ ပျော့ပျောင်းတဲ့ ရီပတ်ဘလစ်ကန် အများစုရဲ့ နှစ်ခြိုက်မှုကို ခံရသူဖြစ်ပြီး ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကပါ ဟေလီရဲ့ ထောက်ခံမှုကို ရရှိဖို့ ကြိုးစားလာနိုင်ကြောင်း အကဲခတ်တွေက ပြောပါတယ်။

 ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း နေရာအတွက် အစောပိုင်းမှာ နာမည်စာရင်း တင်သွင်းသူ ဒါဇင်နဲ့ချီ ရှိခဲ့ပေမယ့် ဟေလီ တဦးတည်း ကြံ့ကြံ့ခံရင်း ထရမ့်ကို ဆက်လက် ဖိအားပေး ယှဉ်ပြိုင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Super Tuesday ရလဒ်တွေက သူဟာ ထရမ့်ကို ဘယ်လိုမှ မယှဉ်သာမှန်း လက်ခံလိုက်ရတာကြောင့် ဟေလီက ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပြီး ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲဟာလည်း ထရမ့်နဲ့ ဘိုင်ဒန်တို့ရဲ့ စိတ်မကျေပွဲ ဖြစ်လာဖို့ ပိုမို သေချာသွားစေခဲ့ပါတယ်။

 Ref: CNN