မတ်၊ ၆
ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တွေကို ဆက်တိုက်သိမ်းယူနေတဲ့ ရက္ခိုင့်တပ်တော်(AA)က တောင်ပိုင်းဒေသမှာပါ စစ်ရေးအရှိန်မြင့်တင်လိုက်တာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်နဲ့ သံတွဲမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို AAက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သားသုံးဆယ်၀န်းကျင် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
ဒီကနေ့ မတ်လ ၆ရက်မနက်အစောပိုင်း ငါးနာရီခွဲလောက်မှာ တောင်ကုတ်ဘက်ကလာတဲ့ စစ်ကောင်စီတပ်ကားနှစ်စီးကို တောင်ကုတ်မြို့နယ် ဘာယေရွာအနီးသို့အရောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကိုးနာရီ၀န်းကျင်အထိ ပစ်ခတ်သံတွေ ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ကားတစီး ရလိုက်တယ်၊ စစ်သားလည်း သုံးဆယ်လောက်သေတယ် ပြောကြတယ်”လို့ စစ်ရေးနဲ့နီးစပ်တဲ့ တောင်ကုတ်ဒေသခံအမျိုးသားတဦးက DNA ကို ပြောပါတယ်။
အဲဒီလို စစ်ကြောင်းဖြတ်တိုက်ခံရပြီးနောက် သံတွဲမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေနဲ့ စစ်ရေယာဉ်တို့ဆီကနေ လက်နက်ကြီးနဲ့ အဆက်အပြတ်ပစ်ခတ်ခဲ့ပြီး ချောင်းသုံးခွ၊ ဘာယေ စတဲ့ရွာတွေအနီး၀န်းကျင်မှာ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“တိုက်ပွဲဖြစ်တဲ့ လက်နက်ငယ်သံတွေလည်း ဆက်တိုက်ကြားရတယ်၊ အဲဒါပြီးရင်တဲ့အခါကျရင်လည်း လက်နက်ကြီးသံတွေ ထပ်ကြားတယ်၊ ကိုးနာရီကျော်လောက်မှ အသံတိတ်သွားတယ်”လို့ တိုက်ပွဲဖြစ်ပွားရာ အနီး၀န်းကျင်မှ ဒေသခံတဦးက ပြောပါတယ်။
အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ မြေပုံမှာ မျဉ်းဖြောင့်တိုင်းရင် တောင်ကုတ်မြို့နဲ့ ခုနှစ်မိုင်၀န်းကျင်အကွာမှာ တည်ရှိပြီး သံတွဲမြို့နဲ့ မိုင်နှစ်ဆယ်၀န်းကျင်အကွာမှာ တည်ရှိပါတယ်။
AA ရဲ့ ကြားဖြတ်တိုက်ခိုက်တာခံခဲ့ရတဲ့ အဲဒီစစ်ကားတွေဟာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅)အခြေစိုက် တောင်ကုတ်မြို့မှ သံတွဲမြို့နယ်ဘက်သို့ စစ်အင်အားဖြည့်တင်းဖို့ သွားရောင်ပို့ဆောင်တဲ့ယာဉ်တန်းလို့ နီးစပ်သူတွေက ပြောကြပါတယ်။
“ဒီဖက် တောင်ပိုင်းမှာ အင်အားတွေ ဆက်တိုက်ဖြည့်နေတာ၊ တပ်တွေကို ဖြန့်တာဖြန့်၊ စုတာစု လုပ်နေကြတယ်”လို့ သံတွဲမြို့နယ်မှ ဒေသခံအမျိုးသားတဦးက စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေအကြောင်း ပြောပြပါတယ်။
ရခိုင်ဒေသတကျော့ပြန် တိုက်ပွဲစပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလဆန်းပိုင်းကလည်း အခုတိုက်ပွဲဖြစ်ပွားတဲ့ နေရာ၀န်းကျင်မှာပဲ စစ်ကောင်စီတပ်စစ်ကြောင်းကို AA က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ တိုက်ပွဲကာလတုန်းကလည်း တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်အစပ်နေရာတွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို AA က မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိခဲ့ပေမယ့် နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာတော့ မရှိခဲ့ပါဘူး။
ဒါပေမယ့် အခုတိုက်ပွဲကာလအတွင်းမှာတော့ AA အနေနဲ့ ကြားဖြတ်တိုက်ခိုက်ရုံသာမကဘဲ ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီအထိုင်ချတပ်စခန်းတွေကိုပါ ထိုးစစ်တွေ ဆက်လုပ်လာနိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။
“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်လာမယ့်အခြေအနေတွေ ရှိတယ်”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ တောင်ကုတ်ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်နယ်တောင်းပိုင်းရှိ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်တို့မှာ ရေတပ်အင်အားဖြည့်တင်းတာ၊ ရှေ့တန်းစခန်း တိုးချတာတွေ ဆက် တိုက်လုပ်နေပြီး ဒေသခံတွေရဲ့ အသွားအလာ၊ အ၀င်အထွက်တွေကိုလည်း ကန့်သတ်ထားတယ်လို့ ပြောကြပါတယ်။
တိုက်ပွဲသုံးလကျော်အတွင်း ချင်းပြည်နယ် ပလက်၀နဲ့ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်
၆ခုကို သိမ်းပိုက်ထားတဲ့ AA ဟာ အခုအခါ ပြည်နယ်တောင်ပိုင်းမြို့နယ်တွေအထိပါ ထိုးစစ်ပြုလုပ်လာတာပါ။
လက်ရှိမှာ AA ဟာ ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ အလယ်ပိုင်းရှိ ရမ်ဗြဲမြို့နယ်တို့မှာ ထိုးစစ် တွေ ဆက်တိုက်လုပ်နေပြီး ရခိုင်ဒေသတခုလုံးမှာ စစ်ကောင်စီကင်းစင်ရေးအတွက် ကျန်နေသေးတဲ့မြို့တွေကို တခုပြီးတခု ဆက်လက်ထိုးစစ်ဆင်သွားမယ်လို့ ကြေငြာထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးအနေနဲ့လည်း လက်ချက်အညံ့ခံကြဖို့ သတိပေးထားပါတယ်။