နာဇီ သင်္ကေတနဲ့ အလေးပြုခဲ့တဲ့ အီတလီ ဘောလုံးပရိသတ်တွေကို ဂျာမနီ ရဲတပ်ဖွဲ့ ဖမ်းဆီး

မတ်၊ ၆

နာဇီပါတီရဲ့ သင်္ကေတနဲ့ အလေးပြုခဲ့သူ အီတလီ ဘောလုံးပရိသတ်တွေကို ဖမ်းဆီးထားကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့တုန်းက ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ အီတလီကလပ် လာဇီယိုတို့ မြူးနစ်မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဘိုင်ယန်က ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီ ပွဲစဉ်ကို လိုက်ပါအားပေးဖို့ ဂျာမနီထိ လိုက်လာတဲ့ လာဇီယို ပရိသတ် တစုက ပွဲမကစားခင် မြူးနစ်မြို့မှာရှိတဲ့ Hofbareuhaus Beer ခန်းမထဲမှာ နာဇီဟန်နဲ့ အလေးပြုခဲ့ပုံ ဓာတ်ပုံ မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဂျာမနီ ရဲတွေက အဲဒီ အီတလီ ဘောလုံးပရိသတ်တွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူတွေဟာ ဒုတိယ ကမ္ဘာစစ်ကာလ၊ ဖက်ဆစ် အာဏာရှင် ဘန်နီတို မူဆိုလီနီကို ထောက်ခံသူတွေက ချစ်စနိုး ခေါ်ဝေါ်တဲ့ ဒုစ်ဆိုတဲ့ နာမည်ကိုလည်း အော်ဟစ် ကြွေးကြော်နေခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။

ဒုတိယ ကမ္ဘာစစ်ကို မီးမွှေးခဲ့သူ အဒေါ့ဖ် ဟစ်တလာ ထူထောင်ခဲ့တဲ့ နာဇီပါတီရဲ့ အလေးပြုပုံနဲ့ တခြား သင်္ကေတတွေ မှန်သမျှကို ဂျာမနီမှာ ဥပဒေနဲ့ ပိတ်ပင် တားဆီးထားပါတယ်။

အီတလီနိုင်ငံ၊ ရောမမြို့ အခြေစိုက် လာဇီယို ဘောလုံးအသင်းရဲ့ လက်ယာစွန်း ပရိသတ် တချို့ဟာ နာဇီနဲ့ ဖက်ဆစ်​ဝါဒ အားပေးတဲ့ အပြုအမူတွေကြောင့် အရင်ကလည်း တရားဥပဒေအရ ပြစ်ဒဏ်ခံရတာတွေ ရှိခဲ့ဖူးပါတယ်။

ဇန်နဝါရီလတုန်းကဆိုရင်လည်း နာပိုလီနဲ့ ယှဉ်ပြိုင်ကစားတဲ့ အီတလီ ဘောလုံးပွဲစဉ် တခုမှာ လာဇီယို ပရိသတ်တွေက နာဇီသင်္ကေတနဲ့ အလေးပြုပြီး ပြိုင်ဘက် တိုက်စစ်မှူး ရိုမဲလူ လူကာကူကို လူမျိုးရေးခွဲခြား လှောင်ပြောင်ခဲ့တာကြောင့် အသင်းပိုင် စတေဒီယို အိုလံပီကို ဘောလုံးကွင်းကြီးရဲ့ ပွဲကြည့်စင် အပိုင်းနှစ်ခုကို ပိတ်ဆို့စေပြီး အရေးယူတာ ခံခဲ့ရပါတယ်။ 

လာဇီယိုဟာ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်မှာ ၁-၀ နဲ့ အနိုင်ရထားပေမယ့် ဒုတိယအကျော့မှာတော့ ဘိုင်ယန်ရဲ့ ၃-၀ နဲ့ ပြတ်ပြတ်သားသား ချေမှုန်းမှုကို ခံခဲ့ရတာကြောင့် ကွာတားဖိုင်နယ် တက်ခွင့် မျှော်လင့်ချက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

 

Ref: AFP