လက်ရှိချန်ပီယံနဲ့ အင်္ဂလန် ကလပ်တွေ အခြေအနေ ကောင်းခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်များ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာတော့ အင်္ဂလန်အသင်းတွေ ရလဒ်ကောင်းခဲ့ပြီး လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းလည်း နိုင်ပွဲဆက်ခဲ့ပါတယ်။

 ချယ်လ်ဆီး ၃ – ၀ အေစီမီလန်

ရာသီအစပိုင်းမှာ တာထွက်ပုံ သိပ်မကောင်းခဲ့ပေမယ့် ချယ်လ်ဆီးဟာ မန်နေဂျာသစ် ပေါ့တားရဲ့ လက်အောက်မှာ တဖြည်းဖြည်း တည်ငြိမ်စ ပြုလာတာ တွေ့ရပါတယ်။ အခုပွဲမှာလည်း အီတလီ စီးရီးအေ ချန်ပီယံ မီလန်ကို ဂိုးပြတ် အနိုင်ကစားပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်ရောက်ရေး မျှော်လင့်ချက်တွေကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၃ မိနစ်မှာ ချယ်လ်ဆီးရဲ့ ထောင့်ကန်ဘောက မီလန် ဂိုးဧရိယာထဲ ကျလာပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေချိန် နောက်ခံလူ ဖိုဖာနာက အနီးကပ် ကန်သွင်းပြီး ဦးဆောင်ဂိုး ရခဲ့ပါတယ်။ နွေရာသီ စျေးကွက်ကမှ ချယ်လ်ဆီးကို ရောက်လာတဲ့ ဖိုဖာနာဟာ အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ်မှာ ညာခြမ်းက ဂျိမ်းစ် ကန်တင်ပေးတာကို တိုက်စစ်မှူး အူဘာမီယန်းက ပိတ်သွင်းပြီး ချယ်လ်ဆီးတို့ ဒုတိယဂိုး ရရှိသွားပြန်ပါတယ်။ မိနစ် ၆၀ မှာ စတာလင်က ပြေးလမ်းထဲ ချပေးလိုက်တဲ့ ဘောလုံးကို ဂျိမ်းစ်က အပြင်းကန်သွင်းခဲ့ပြန်တာကြောင့် ချယ်လ်ဆီးတို့ အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရလဒ် ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ 

မန်ချက်စတာစီးတီး ၅ – ၀ ကိုပင်ဟေဂင်

အကောင်းဆုံး ပုံစံရနေတဲ့ စီးတီးဟာ အိမ်ကွင်းမှာ ဒိန်းမတ် ကလပ်အသင်းကို ဂိုးပြတ်အနိုင်ယူဖို့ သိပ်ပြီး ပြဿနာ မရှိခဲ့ပါဘူး။ တောက်လျှောက် ဂိုးမြူးနေတဲ့ တိုက်စစ်မှူး ဟာလန်းလည်း ဒီပွဲမှာ ဂိုးပေါက် ရှာတွေ့ခဲ့ပြန်ပါတယ်။ ပွဲအစ ၆ မိနစ်မှာပဲ ကန်ဆယ်လို အနိမ့်ဘော ဖြတ်ပို့တာကို ဟာလန်းက ပိတ်သွင်းပြီး စီးတီးတို့ ပွဲကို ဦးဆောင်ပါတယ်။ ၃၁ မိနစ်မှာ စီးတီး ဘယ်နောက်ခံလူ ဂိုမက်ဇ် အပြင်းကန်သွင်းတာကို ဂိုးသမား ပုတ်ထုတ်ပေမယ့် ဘောလုံးက ဟာလန်း ရှေ့တည့်တည့် ကျသွားတာကြောင့် နော်ဝေးသားက ဒုတိယဂိုး ထပ်သွင်းပြန်ပါတယ်။ ၃၈ မိနစ်မှာ စီးတီးရဲ့ ဂိုးသွင်းမှုကို ဟန့်တားရာက ဘောလုံးလမ်းကြောင်း လွဲသွားပြီး ကိုပင်ဟေဂင် နောက်ခံလူ ကော့ချ်ဟိုလာဗာက ကိုယ့်ဂိုးကိုယ် သွင်းခဲ့ပြန်ပါတယ်။ ၃ ဂိုးပြတ် နိုင်နေချိန် ပထမပိုင်း အပြီးမှာတော့ စီးတီး မန်နေဂျာ ဂွာဒီယိုလာက ဟာလန်းကို အနားပေးပြီး လူငယ်တိုက်စစ်မှူး ပယ်လ်မာနဲ့ လူစားလဲလှယ်ခဲ့ပါတယ်။ ၅၅ မိနစ်မှာ စီးတီးက ပင်နယ်တီ ရခဲ့ပြီး တောင်ပံတိုက်စစ်မှူး မာရက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ စီးတီးအတွက် အပိတ်ဂိုးကိုတော့ ၇၅ မိနစ်မှာ မာရက်ဇ် ချပေးတဲ့ ဘောလုံးကို လူငယ်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က အနီးကပ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် စီးတီးဟာ ၃ ပွဲကစား၊ ၃ ပွဲနိုင်ပြီး နောက်တစ်ဆင့်တက်ဖို့ သာယာနေပြီ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ် ၂ – ၁ ရှက်ခ်တာဒိုးနက်စ်

အခုပွဲစဉ်ကတော့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ပဲ ရလဒ် ပေါ်လွင်သွားခဲ့ပါတယ်။ ရီးရဲလ်ဟာ လူစုံတက်စုံ ထုတ်ကစားပြီး ယူကရိန်း ကလပ်အပေါ် အသာစီးယူနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ပွဲချိန် ၁၂ မိနစ်မှာ ရိုဒရီဂို ထိုးဖောက်လာတာကို ရှက်ခ်တာ ခံစစ်ကြောင်းက ပီပီပြင်ပြင် မဖျက်ထုတ်နိုင်တဲ့အတွက် ဘရာဇီး လူငယ် တိုက်စစ်သမားက ဧရိယာ ထိပ်နားကနေ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ရိုဒရီဂိုရဲ့ သပ်ရပ်တဲ့ ပေးပို့မှုကနေတဆင့် ဗင်နီးရှပ်စ်က အပိုင်ကန်သွင်းပြီး ရီးရဲလ်တို့ ဒုတိယဂိုး ရခဲ့ပါတယ်။ ၃၉ မိနစ်မှာတော့ ဘယ်တောင်ပံက မစ်ခေလီချန်ကို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဇူဘ်ကော့ဗ်က မြေမကျ လှလှပပ ကန်သွင်းပြီး ရှက်ခ်တာတို့ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံး အခွင့်အရေးတချို့ ထပ်ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်တော့ဘဲ ရီးရဲလ်က ၂ – ၁ နဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်ကလည်း အုပ်စု(စ)မှာ ရာနှုန်းပြည့် နိုင်ထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ သေချာလုနီးပါး ဖြစ်လာခဲ့ပါတယ်။

အခြားပွဲစဉ် ရလဒ်များ

ဆဲလ်ဇ်ဘက် ၁ – ၀ ဒိုင်နမိုဇာဂရက်ဘ်

လိုက်ပ်ဇစ် ၃ – ၀ ဆဲလ်တစ်

ဆဗီးလား ၁ – ၄ ဘိုရပ်ရှားဒေါ့တ်မန်

ဘင်ဖီကာ ၁ – ၁ ပီအက်စ်ဂျီ

ဂျူဗင်းတပ်စ် ၃ – ၁ မက္ကာဘီဟိုင်ဖာ