စစ်သားစုဆောင်းခံနေရတဲ့ ရိုဟင်ဂျာလူငယ်တွေ လာရောက်ခိုလှုံကြဖို့ ULA/AA တိုက်တွန်း

မတ်၊ ၅
 
စစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကို ခံနေရကြတဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူငယ်တွေအနေနဲ့ ရတဲ့နည်းလမ်းနဲ့ ရုန်းထွက်ပြီး လွတ်မြောက်၊ လုံခြုံတဲ့ နေရာတွေမှာ လာရောက်ခိုလှုံကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က အကြံပေးတိုက်တွန်းပါတယ်။
 
ရခိုင်ပြည်အတွင်းက ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မဖမ်းဆီးကာ စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ULA/AA ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုတိုက်တွန်းလိုက်တာပါ။
 
“မူဆလင်လူငယ်တွေကို ပြောလိုတာကတော့ မလွှဲမရှောင်သာလို့ အတင်းအဓမ္မစစ်သားစုဆောင်းခံရရင်တောင်မှ အဲဒီနေရာတွေကနေ ရတဲ့နည်းလမ်းနဲ့ ရုန်းထွက်ပြီးတော့ လွတ်မြောက်တဲ့နေရာ၊ လုံခြုံတဲ့နေရာတွေမှာ လာရောက်ခိုလှုံကြဖို့ အကြံပေး တိုက်တွန်းလိုတာ ရှိပါတယ်” လို့ ဦးခိုင်သုခက ဆိုပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူမြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာလူငယ်တွေကို အတင်းအဓမ္မဖမ်းဆီး၊ စစ်သင်တန်းပေးနေကာ လက်ရှိမှာ ဖမ်းဆီးခံရသူ တထောင်နီးပါး ရှိပြီလို့ ဒေသတွင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောထားကြပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းစေဖို့ ဖမ်းဆီးနေတာတွေကြောင့် AA ထိန်းချုပ်နယ်မြေတွေဆီ လာရောက်ခိုလှုံသူတွေ ရှိနေပြီး ရိုဟင်ဂျာလူငယ်တွေလည်း ပါဝင်တယ်လို့ AA က ဆိုထားပါတယ်။ AA အနေနဲ့ အဲဒီလို လာရောက်ခိုလှုံသူတွေကို ဆန္ဒမပါဘဲ စစ်မှုထမ်းခိုင်းတာတွေ လုပ်မှာမဟုတ်ဘဲ ဆန္ဒအလျောက် စစ်မှုထမ်းလိုရင်တော့ ကြိုဆိုသွားမယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
 
စစ်ကောင်စီအနေနဲ့ အဲဒီလို ရိုဟင်ဂျာတွေကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ဖို့ကြိုးစားနေတာဟာ သူတို့ လက်လွှတ်ဆုံးရှုံးရတော့မယ် ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီးထားခဲ့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာလို့လည်း ဦးခိုင်သုခက ထောက်ပြပါတယ်။
 
“သူတို့ မထိန်းချုပ်နိုင်လို့ ဆုတ်ခွာရမယ်ဆိုရင် ရခိုင်ပြည်ထဲမှာ လက်နက်ကိုင်ပဋိပက္ခ ပြဿနာတွေ၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးထားခဲ့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတယ်၊ အဲလိုဟာတွေကို တောက်လျောက်လုပ်နေတာကိုလည်း တွေ့နေရပါတယ်” လို့ သူက ဆိုပါတယ်။
 
လက်တွေ့မှာလည်း စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တဲ့အခါ နိုင်ငံသားပေးမယ်၊ လွတ်လပ်စွာသွားလာခွင့်ပေးမယ်၊ ငွေကြေးထောက်ပံ့ပေးမယ်စတဲ့ မက်လုံးပေးစည်းရုံးတာတွေ ရှိနေပါတယ်။
 
ဒါ့အပြင် အရင်က မကျေနပ်မှုတွေရှိခဲ့တဲ့ အသိုင်းအဝိုင်းနှစ်ခုကြား လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်လာအောင် မမှန်အမုန်းတရား လှုံ့ဆော်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံရိုဟင်ဂျာတွေက DNA ကို ပြောထားကြပါတယ်။
 
ဒါ့အပြင် အရပ်သားတွေကို စစ်သင်တန်းပေးတာဟာ စစ်မြေပြင်မှာ သေတွင်းသို့ တွန်းပို့သလိုဖြစ်နေတယ်လို့လည်း ULA/AA က ထုတ်ပြန်ပြောဆိုထားပါတယ်။
 
“အသေခံတပ်သားတွေအဖြစ် စစ်တိုင်ခိုင်းဖို့ပြင်နေတယ်လို့ မြင်ပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။
 
ရက္ခိုင့်တပ်တော် (AA) ရဲ့ မူဝါဒကတော့ ရခိုင်ပြည်တွင်း AA ကလွဲလို့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ လက်ခံမှာမဟုတ်တာမို့ စစ်မြေပြင်မှာ တွေ့လာခဲ့ရင်တော့ ဘယ်သူ့ကိုမဆို တိုက်ခိုက်ချေမှုန်းသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိရခိုင်ပြည်ထဲမှာရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကိုလည်း ရခိုင်ပြည်တွင်းထဲကနေ မထွက်ထွက်အောင်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ လုံးဝ သန္ဓိဌာန်ချမှတ်ထားပြီးဖြစ်ကြောင်း ဦးခိုင်သုခက ပြောပါတယ်။
 
“ယင်းနည်းတူ ဘယ်နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဘယ်ခေါင်းစဉ်တပ်ပြီးတော့ ဘယ်လိုပဲ လက်နက်ကိုင်လာကိုင်လာ ရခိုင်ပြည်ထဲမှာ လုပ်လာတယ်ဆိုရင်တော့ တပ်တော်အနေနဲ့ စစ်မြေပြင်မှာတွေ့ရင် ဘယ်သူ့ကိုမဆို တိုက်ခိုက်ချေမှုန်းသွားရမှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
 
ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ အနာဂတ်မှာ ငြိမ်းချမ်းတိုးတက်ပြီး ညီညွှတ်မျှတတဲ့ တိုင်းပြည်ကို တည်ဆောက်လိုရင် တကမ္ဘာလုံးနဲ့ တနိုင်ငံလုံးရဲ့ ဆန့်ကျင်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းစေဖို့ ကြိုးပမ်းမှုအပေါ် ဆန့်ကျင်ကြဖို့ အရေးကြီးတယ်လို့လည်း ULA/AA က မတ်လ ၂ ရက်မှာ ထုတ်ပြန်အသိပေးခဲ့ပါတယ်။
 
ULA/AA အနေနဲ့လည်း အာရက္ခဒေသမှာ နေထိုင်တဲ့ လူမျိုး၊ ဘာသာတိုင်းအတွက် တန်းတူညီမျှတဲ့ နိုင်ငံသားဖြစ်မှုနဲ့ လူ့အခွင့်အရေးတို့ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။
 
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့မှာ မြို့တွေနဲ့ တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရကာ တပ်သားဆုံးရှုံးမှု အများအပြားရှိနေတဲ့ စစ်ကောင်စီဟာ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်း စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကို အခုဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြဌာန်းအသက်သွင်းခဲ့တာပါ။
 
အဲဒီနောက်မှာပဲ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူငယ်တွေ၊ ရန်ကုန်အပါအဝင် ပြည်မနဲ့ ပြည်ပရောက် ရခိုင်လူငယ်တွေ၊ နေရပ်ပြန်လာတဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေခဲ့ပြီး ဖမ်းဆီးခံရတဲ့ ရခိုင်လူငယ်တွေဟာလည်း ရာချီရှိပြီလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောထားကြပါတယ်။
 
အဲဒီလို မတရားဖမ်းဆီးထားသူတွေကို စစ်ကောင်စီအနေနဲ့ သတ်ဖြတ်တာတွေ လုပ်လာခဲ့ရင်တော့ ပြတ်ပြတ်သားသားတုန့်ပြန်သွားမယ်လို့ ULA/AA က သတိပေးပြောဆိုပါတယ်။
 
“ကျောက်ဖြူမှာ ဖမ်းဆီးခံထားရတဲ့ရခိုင်လူငယ်တွေပဲဖြစ်ဖြစ်၊ ရန်ကုန်မြို့ထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်တွေပဲဖြစ်ဖြစ် အဲဒီလူငယ်တွေကို စစ်ကောင်စီဘက်ကနေပြီးတော့ ဥပမာ မတရားသတ်ဖြတ်တာတွေ ဖြစ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ မိုးဆုံးမြေဆုံး ပြန်ပြီးတော့ ပြတ်ပြတ်သားသား လက်တုန့်ပြန်သွားမယ်ဆိုတာကိုတော့ သတိပေးထားချင်တာရှိပါတယ်” လို့ ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
 
ဓာတ်ပုံ – AA Info Desk