အချိန်ပိုဆင်းဖို့ ငြင်းဆန်လို့ အလုပ်ထုတ်ခံရသူ ခုနစ်ဦး လုပ်ငန်းခွင် ပြန်ဝင်ခွင့်ရ

မတ်၊ ၄
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ထဲက အလုပ်ရုံတခုမှာ အချိန်ပိုဆင်းခိုင်းတာကို ငြင်းဆန်ခဲ့သူ ငါးဦး အပါအဝင် အလုပ်ထုတ်ခံထားရတဲ့ အမျိုးသမီးအလုပ်သမား ခုနစ်ဦးကို အလုပ်ရှင်က လုပ်ငန်းခွင့် ပြန်ဝင်ခွင့်ပေးလိုက်ပြီလို့ အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီကနေ သိရပါတယ်။
 
“ညှိနှိုင်းလို့ အဆင်ပြေသွားလို့ အလုပ်ပြန်ဝင်နေပြီ၊ အလုပ်ထုတ်ခံထားရတဲ့ ရက်တွေအတွက်လည်း လစာ ပိုက်ဆံပေးတယ်” လို့ STUM တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ယာမှာ ဖွင့်လှစ်ထားတဲ့ အဝတ်အထည် ဆေးရိုက်လုပ်ငန်းလုပ်တဲ့ Myanmar Yong Jia Garment Color Correction ကုမ္ပဏီက အလုပ်ထုတ်ထားတဲ့ အလုပ်သမားတွေကို အခုလို အလုပ်ပြန်ခန့်လိုက်တာပါ။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပုံမှန်အလုပ်ချိန် လုပ်ပြီးနောက် ညနေ ၅ နာရီခွဲကနေ ည ၈ နာရီအထိ အချိန်ပိုဆင်းခိုင်းတာကို အိမ်ပြန်ချိန်နောက်ကျမှာဖြစ်တဲ့အတွက် လုံခြုံရေးစိုးရိမ်ရလို့ အမျိုးသမီး အလုပ်သမား ငါးဦးက ငြင်းဆန်ခဲ့တာပါ။
 
အဲဒီအချိန်မှာပဲ အလုပ်ရှင်ဘက်က အချိန်ပို မဆင်းတာကို အကြောင်းပြပြီး အဲဒီအလုပ်သမား ငါးဦးကို အလုပ်ထုတ်လိုက်တာလို့ သိရပါတယ်။
 
နောက်တရက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ အလုပ်ထုတ်ခံရသူတွေရဲ့ အဆက်အသွယ်နဲ့ အလုပ်လာလုပ်နေတဲ့ နောက်ထပ် အမျိုးသမီး အလုပ်သမား နှစ်ဦးကိုပါ ထပ်မံအလုပ်ထုတ်လိုက်တယ်လို့ ဆိုပါတယ်။
 
အဲဒီနောက်မှာတော့ အလုပ်ထုတ်ခံရသူတွေက STUM ကို အကူညီတောင်းခံခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (အလစ) ရုံးမှာ ညှိနှိုင်းခဲ့ရာ အဆင်ပြေမှု ရသွားခဲ့တာပါ။
 
အဲဒီအလုပ်သမားတွေ အလုပ်ထုတ်ခံရပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ အလုပ်ရှင်က ပြန်ခေါ်ပြီး အလုပ်ပြန်ဝင်ချင်ရင် သူ့ကိုတောင်းပန်ဖို့နဲ့ အချိန်ပိုမဆင်းတဲ့အတွက် ဒဏ်ကြေး ငါးသောင်းစီ ပေးဖို့အပြင် လုပ်ခလစာကိုလည်း ရက် နှစ်ဆယ်စာသာ ရမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့ပေမယ့် အခုလို အလုပ်ပြန်ခန့်တဲ့ အချိန်မှာတော့ တောင်းပန်ရတာ၊ ဒဏ်ကြေးဆောင်ရတာနဲ့ လုပ်ခလစာဖြတ်ခံရတာတွေ မရှိဘူးလို့ ဆိုပါတယ်။
 
“ဘာမှ လုပ်ပေးစရာမလိုဘူး၊ ဒီအတိုင်း အလုပ်ပြန်ခန့်လိုက်တာ” လို့ STUM တာဝန်ရှိသူက ပြောပါတယ်။
 
အလုပ်ပြန်ခန့်တာနဲ့ပတ်သတ်လို့ Myanmar Yong Jia Garment Color Correction ကုမ္ပဏီဖက်ကတော့ တစုံတရာပြောဆိုထုတ်ပြန်တာ မရှိပါဘူး။
 
စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်က ညအချိန်တွေမှာ အရင်ကထက် ပိုမိုစစ်ဆေးတာ၊ ဖမ်းဆီးငွေညှစ်တာတွေ ပိုလုပ်လာနေလို့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေက ညဘက်အထိ အချိန်ပိုဆင်းဖို့အတွက် အခက်အခဲဖြစ်နေကြတာပါ။
 
လုံခြုံရေးစိုးရိမ်ရလို့ အချိန်ပို မဆင်းဖို့ ငြင်းဆန်တဲ့ အလုပ်သမားတွေကတော့ အလုပ်ခွင်ထဲ ဖိနှိပ်တာတွေ ကြုံနေကြရပြီး အခုလို အလုပ်ထုတ်ခံရတဲ့အထိ အခြေအနေတွေလည်း ရှိနေပါတယ်။
 
ဓာတ်ပုံ – Social Media