မလေးရှားမှာ ဆေးရုံတက်နေရတဲ့ နော်ဝေးဘုရင် နေရပ်ကို ချောချောမွေ့မွေ့ ပြန်ရောက်

မတ်၊ ၄

မလေးရှားကို ရောက်ရှိနေချိန် အတောအတွင်း အရေးပေါ် ဆေးရုံတက်ခဲ့ရတဲ့ နော်ဝေးဘုရင်ဟာ အခုတော့ ဇာတိနိုင်ငံကို ချောချောမောမော ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘုရင် ဟာရဲလ်ဟာ နော်ဝေးက ဆေးရုံတခုမှာ ဆက်လက် တက်ရောက်ရင်း နာလန်ထ ကာလကို ဖြတ်သန်းသွားမယ်လို့ နန်းတော်က ကြေညာခဲ့ပါတယ်။ လာမယ့် နှစ်ပတ်လောက် အတောအတွင်းမှာတော့ ဘုရင်ဟာ နိုင်ငံဦးသျှောင် တာဝန်တွေကနေ ယာယီ အနားယူနေမှာဖြစ်ပြီး အိမ်ရှေ့မင်းသားက အစားထိုး တာဝန်ယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၈၇ နှစ်အရွယ် ဘုရင်ဟာရဲလ်ဟာ လက်ရှိ ဥရောပတိုက်မှာ အသက်အကြီးဆုံး ပြည့်ရှင်ဘုရင်အဖြစ် ရပ်တည်နေပါတယ်။ သူဟာ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ကတည်းက နော်ဝေးရဲ့ စည်းမျဉ်းခံ ဘုရင်အဖြစ် စိုးစံနေခဲ့တာပါ။

ဘုရင်ဟာရဲလ်ဟာ မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်းကို သွားရောက်တဲ့ အပန်းဖြေ ခရီးစဉ်အတွင်း ရောဂါပိုးမွှား ဝင်ရောက်ပြီး နာမကျန်း ဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆေးရုံတက်ခဲ့ရတာပါ။ သီတင်းပတ် အကုန်မှာ နော်ဝေး နန်းတော်က ကြေညာရာမှာတော့ ဘုရင်ဟာ နှလုံးခုန်နှုန်း နှေးသွားတဲ့ အခြေအနေကို ကြုံခဲ့ရတာကြောင့် နှလုံးခုန်နှုန်း ထိန်းညှိတဲ့စက် တခုကို ယာယီ တပ်ဆင်ထားရတယ်လို့ ဖော်ပြ ပါရှိပါတယ်။

 နော်ဝေးဘုရင်ဟာ မတ်လ ၃ ရက်မှာ ဆေးရုံကဆင်းပြီး မလေးရှားကနေ အထူးလေယာဉ်နဲ့ ချက်ချင်း ထွက်ခွာလာခဲ့တာပါ။ အဲဒီ ခရီးစဉ် အတောအတွင်း ဘုရင်ရဲ့ နှလုံးခုန်နှုန်းကို စက်ကိရိယာ အကူအညီနဲ့ ဘေးကင်းကင်း ထိန်းသိမ်းထားနိုင်အောင် စီစဉ်ခဲ့တာလို့ တော်ဝင်မိသားစုရဲ့ ဆရာဝန်က ပြောပြခဲ့ပါတယ်။

 

Ref: Reuters