ကနီမှာ တိုက်ပွဲဆက်ဖြစ်၊ မြို့မရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

မတ်၊ ၃
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်အထိုင်ချထားတဲ့ ရဲစခန်းကို သိမ်းပိုက်ထားနိုင်တယ်လို့ ပါ၀င်တိုက်ခိုက်နေတဲ့ ရဲဘော်တဦးက ပြောပါတယ်။
 
ဒါ့အပြင် တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးသွားတယ်လို့ သူကဆက်ပြောပါတယ်။
 
မတ်လ ၁ ရက်နေ့ ညပိုင်းကစလို့ ကနီမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချနေထိုင်တဲ့ တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး မနေ့က မတ်လ ၂ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။
 
“အခုထိလည်း ပစ်နေတုန်းပဲဗျ ပစ်တာတော့ နည်းနည်းကြဲတယ်။ ရွှေစည်းခုံ ဘုရားပေါ်ကိုလည်း ဒရုန်းတွေနဲ့ ချသွားတယ်။ စခတွေက ရဲစခန်းကို သိမ်းတော့ ဘုရားရှိတဲ့တောင်ပေါ်ကို တက်ပြေးကြတာ” လို့ အထက်ပါရဲဘော်က ဒီကနေ့နေ့လည်ပိုင်းက ပြောပါတယ်။
 
ဒါ့အပြင် မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ဂျက်ဖိုက်တာနဲ့ တကြိမ်၊ Mi-35 ရဟတ်ယာဉ်နဲ့ သုံးကြိမ် စုစုပေါင်း လေးကြိမ်လာရောက် ပစ်ခတ်ပေးခဲ့တဲ့အတွက် မြို့ပေါ်ရှိ လူနေအိမ်တချို့ ထိခိုက်ပျက်ဆီးသွားတယ်လို့ သူကဆိုပါတယ်။
 
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်က ထိခိုက်ကျဆုံးမှုတွေ အများအပြားရှိသော်လည်း လက်တလော မြေပြင်အခြေအနေတွေအရ အတည်မပြုနိုင်သေးပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေဖက်ကတော့ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သူကဆက်ပြောပါတယ်။
 
ကနီမြို့နယ်က ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး မြို့ပေါ်မှာ ရပ်ကွက်သုံးရပ်ကွက်ရှိပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့နေလူဦးရေ တသိန်းသုံးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။
 
လက်ရှိမှာလည်း မြို့မရဲစခန်းရှိတဲ့ ရပ်ကွက် အမှတ် (၃) ကို တော်လှန်ရေးတပ်တွေက ထိန်ချုပ်ထားပြီး စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေလို့ နေအိမ်တော်တော်မျာများ ထိခိုက်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
 
“ရပ်ကွက် (၁) နဲ့ (၂) မှာကျတော့ စခန်းရယ်လိုတော့ မရှိဘူး၊ စခတွေက လူနေအိမ်တွေနဲ့ ကမ်းနားဖက်မှာတော့ နေရာယူထားတယ်။ ရပ်ကွက် (၃) က လူနေအိမ်တွေကတော့ တော်တော်ထိထားတယ်ဗျ” လို့ အထက်ပါ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေက ကနီမြို့ရှိ စာသင်ကျာင်း၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ရွှေမြင်းဖြူ တောင်ပေါ်ရှိ ရွှေစည်းခုံဘုရားမှာ အထိုင်ချ တပ်စွဲထားပြီး အပြင်မထွက်ဘဲနေတာလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
 
မနေ့က တိုက်ပွဲတွေကြောင့် မြို့ပေါ်ရှိ ဒေသခံ တချို့က နီးစပ်ရာကျေးရွာတွေဖက်ကို စစ်ဘေးရှောင်ခဲ့ကြရပြီး လက်ရှိမြို့အတွင်းကိုလည်း အ၀င်အထွက်တွေ ပိတ်ပင်ထားတဲ့အတွက် ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနေသေးတယ်လို့ သူကဆိုပါတယ်။
 
“စစ်ဘေးရှောင်တွေကတော့ လွတ်တဲ့နေရာ တောတွေထဲမှာ ရှောင်နေရတယ်။ အခုထိတော့ ပြန်မ၀င်ကျသေးဘူး ဝင်ရတဲ့ အရှေ့ဖက်ကမ်းက လူတွေတော့ ပြန်၀င်ကြပါတယ်။ အနောက်ဘက်ကမ်းကတော့ ဘယ်လိုမှ ပြန်၀င်လို့ မရသေးပါဘူး” လို့ သူဆိုပါတယ်။
 
ချင်းတွင်းမြစ် အနောက်ဖက်ကမ်းရှိ မုဌော၊ ပန်းဆိုင်၊ ငါဖျက် စတဲ့ ရွာပေါင်း ခုနှစ်ရွာလောက်က ဒေသခံတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့အရမ်းနီးကပ်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။
 
“ကနီမြို့ရယ် အလယ်ကျွန်းရွာက ပျူစောထီးစခန်းကို နေရာအစုံကနေ ဝိုင်းပြီး တပြိုင်တည်းထိုးစစ်ဆင်တာပေါ့နော်၊ အခြေနေတွေကတော့ ဘာမှ သေချာပြောလို့မရသေးဘူးဗျ။ တိုက်ပွဲကတော့ မနေ့က တနေ့ကုန်နီးပါးဖြစ်ကြတယ်။ ညပိုင်းတော့ ခဏနားသွားသေးတယ်” လို့ သူကဆက်ပြောပါတယ်။
 
ကနီမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသဖြစ်တဲ့အလျှောက် စစ်ကောင်စီတပ်တွေက မြို့ပေါ်က နေရာတချို့မှာသာ အထိုင်ချနေထိုင်ပြီး ကျန်တဲ့ ကျေးလက်ဒေသတွေကိုတော့ တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားတာပါ။
 
ကနီတိုက်ပွဲ ခြေနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ တော်လှန်ရေးအင်အားစုဖက်က သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်သွယ်ခဲ့ပေမယ့် လက်တလော စစ်ရေးအခြေအနေတွေအရ ပြန်လည်ဖြေဆိုပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
 
ဓာတ်ပုံ – Social Media