ချောင်းသာဒေသရွာနှစ်ရွာက နေအိမ်ငါးဆယ်ကျော်ကို စစ်ကောင်စီဖျက်ဆီး၊ရွာသားလေးဆယ် ကျော်ကိုဖမ်း

ဖေဖော်ဝါရီ၊ ၂၉

ဧရာဝတီတိုင်း ချောင်းသာကမ်းခြေ မြို့ ဒေသ အတွင်းမှာရှိတဲ့ ကျေးရွာ နှစ်ရွာက စုစုပေါင်း နေအိမ် ၅၀ နီးပါး ကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးသွားသလို ဒေသခံ ရွာသားလေးဆယ်ကျော်ကိုလည်း ဖမ်း ဆီး သွားတယ် လို့ ဒေသခံတွေ က DNAကိုပြောပါတယ်။

ဧရာဝတီတိုင်း ချောင်းသာ ကမ်းခြေမြို့ ဒေသ ကန်ကြီး ကျေးရွာ အုပ်စု အတွင်းရှိ   ကျောက်ပုံရွာ က နေအိမ် ၃၅ လုံးနဲ့  ချောင်းခွရွာ က နေအိမ် ၁၂ လုံး ကို စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၂၆ ရက်မှာဝင်ရောက် ဖျက်ဆီး ပြီး ဒေသခံ ရွာသား ၄၅ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ ဆိုပါ တယ်။

“ PDFအားပေးတဲ့ ကောင်တွေ ဖမ်းကွာ၊အကုန်ဖျက်ဆိုပြီးဖျက်ပစ်တာ၊မီးရှို့မလို့ လုပ်သေးတယ် ရွာက လူကြီး သူ မတွေ က ငိုယိုတောင်းပန် လို့ သက်သာသွားတာ၊ အားလုံး က ကြောက်နေကြတယ်၊ ရွာကပျက် လု နီးနီး ဖြစ်သွား တယ် ” လို့ ကျောက်ပုံ ရွာသား တဦး ကပြောပါတယ်။

ကန်ကြီးကျေးရွာ အုပ်စု အတွင်းရှိ ဂွေးချိုရွာ သူ ရွာသားတွေ ကို PDFအားပေးတယ် ဆိုပြီး စစ်ကောင်စီ တပ် က ရွာလုံးကျွတ် ရွေ့ပြောင်းလိုက်သလို ကျောက်ပုံရွာ နဲ့ ချောင်းခွရွာတို့ကိုလည်း အခုလို ဖျက်ဆီးကာ ရွာခံလူငယ်၊ လူလတ်ပိုင်းတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့ရွာသားတွေကို လေးရက်ကြာ ဒီကနေ့အထိဘယ်နေရာမှာ ချုပ်နှောင် ထားတယ်ဆိုတာ မသိရ တာကြောင့်စိုးရိမ်နေရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။

“စစ်သားတွေက ရိုက်နှက်ကြမှာ၊သတ်ပစ်မှာ၊စစ်ထဲထည့်မှာ၊ပေါ်တာဆိုလား ရှေ့က အသေခံ ရတဲ့ သူ ဆိုလား အဲဒါတွေလုပ်ခိုင်း မှာကို ပူပန်နေတယ်၊ကလေးတွေရဲ့ အဖေကမရှိတော့ဘူး သားကြီးက မိသားစုကို ရှာကြွေး နေတာ၊ ကျွန်မတို့က တောသူ တောင်သားတွေပါ၊နိုင်ငံရေး တွေ ဘာတွေညာတွေ မသိပါ ဘူး”  လို့ သားဖြစ်သူ အတွက်စိုးရိမ်နေတဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသမီးတဦး ကပြောပါတယ်။

နေအိမ်တွေ အဖျက်ခံရတဲ့ ရွာ နှစ်ရွာ အနက် ကျောက်ပုံရွာဟာအိမ်‌ခြေ ၆၀ ဝန်းကျင်ကျော်ရှိကာချောင်းခွ ရွာမှာ တော့အိမ်ခြေ ၃၀‌ လောက်ရှိပြီး အများစု က တောင်ယာ၊လယ်လုပ်၊ထင်းခုတ် သစ်ဝါးခုတ်ပြီး မီးသွေးဖုတ် လုပ် ငန်းတွေ လုပ်ကိုင်ကြတာပါ။

အခုအခါ ရွာ နှစ်ရွာရှိ အိမ်ခြေ ထက်ဝက်နီးပါး ဖျက်ဆီးခံရတာကြောင့် လူနှစ်ရာ့ငါးဆယ်ကျော် အိုးအိမ်မဲ့ ဖြစ်ရပြီး ရွာပျက်လုနီးပါးဖြစ်ကာ နီးစပ်ရာဆွေမျိုး မိတ်ဆွေများရှိရာ ရွာတွေကို ပြောင်းရွေ့ နေထိုင်ကြ တယ် လို့ သိရပါ တယ် ။

ဒါ့အပြင် ဖျက်ဆီးခံရတဲ့ ရွာတွေ နဲ့ လမ်းကျော တဆက်တစပ်တည်း ရှိတဲ့ ငပိန်တလည် ရွာကိုလည်း စစ် ကောင် စီတပ် က ဖျက်ဆီးမယ်လို့ခြိမ်းခြောက်ထားတာကြောင့် တချို့က နေအိမ်ကို ထားပစ် ခဲ့ပြီး ချောင်းသာ ကမ်းခြေ မြို့ အနီးရွာတွေ နဲ့ ရပ်ကွက်တွေကို ပြောင်းရွေ့နေကြတယ် လို့ ချောင်းသာမြို့ခံ တွေ က ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် အတွင်း က ချောင်းသာ ကမ်းခြေမြို့ ဒေသအတွင်း မှာ ဇန်နဝါလ အတွင်း မှာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေက ဂွေးချိုရွာကို ရွာလုံးကျွတ် ဖျက်သိမ်းပြောင်းရွေ့ ခိုင်းလိုက်ပြီး ကျောက် ပုံရွာ နဲ့ ချောင်း ခွရွာ မှ အိမ်ခြေ ထက်ဝက်ကျော်ကို ဖျက်ဆီးလိုက်တဲ့အတွက် လူလေးရာကျော် အိုးအိမ် မဲ့ ဖြစ်နေရပါ တယ်။

photo google