ဖေဖော်ဝါရီ ၊ ၂၉
ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံပိုင်နက်ကို တလက်မတောင် အထိပါးခံမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားလိုက်ပါတယ်။
သူ့ရဲ့နိုင်ငံဟာ ရေပိုင်နက် အငြင်းပွားမှု စစ်မြေပြင်ရဲ့ ရှေ့တန်းနေရာဆီ ရောက်နေတယ်လို့ သဘောပေါက်ထားကြောင်း၊ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် ဖိလစ်ပိုင်ဟာ ရေပိုင်နက်ရဲ့ တလက်မလောက်ကိုတောင် ပဲ့အပါခံမှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တွေကြား ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခတွေ အရှိန်မြင့်ခဲ့ပြီး တချို့ အခြေအနေတွေ ရေယာဉ်တွေ အချင်းချင်း တိုက်မိတာမျိုးထိ ကြုံခဲ့ပါတယ်။
တရုတ်က တောင်တရုတ်ပင်လယ် ရေပြင်တခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ်လိုနေတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာပါ။ ပြီးခဲ့တဲ့ လတွေမှာတော့ ဖိလစ်ပိုင်က စစ်သင်္ဘောဟောင်း တစီးကို သောင်တင်စေပြီး ကမ်းဝေး အခြေစိုက် ကင်းစခန်းအဖြစ် ထားရှိတဲ့ နေရာဆီ ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို သွားရောက် ပို့ဆောင်တိုင်းလိုလို တရုတ် ရေယာဉ်တွေရဲ့ နှောင့်ယှက်မှုတွေနဲ့ ကြုံခဲ့ရာက တင်းမာမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဩစတြေးလျကို ရောက်ရှိနေချိန် အတောအတွင်း အိမ်ရှင်နိုင်ငံရဲ့ လွှတ်တော် အမတ်တွေကို မိန့်ခွန်းပြောရာမှာ မားကို့စ်က လက်ရှိ အခြေအနေအရ ဒေသတခုလုံးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အချုပ်အခြာ အာဏာ တည်မြဲရေးတွေကို ထိပါးလာနိုင်တဲ့ ရေပိုင်နက် အငြင်းပွားမှုတွေဟာ ဖိလစ်ပိုင်ဟာ ရှေ့တန်းနေရာကို ရောက်လာတယ်ဆိုတာ သဘောပေါက်ကြောင်း၊ ဒါပေမဲ့လည်း ဘယ်နိုင်ငံရပ်ခြား တိုင်းပြည်ကိုမှ ဖိလစ်ပိုင် ရေပိုင်နက်ရဲ့ တလက်မလေးကိုမှ ထိပါးခွင့်ပေးမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင် လက်ရှိ ကြုံနေရတဲ့ စိန်ခေါ်မှုတွေဟာ အရမ်းကောင်းတယ်ဆိုတာ သဘောပေါက်ပေမယ့် ဖိလစ်ပိုင်ရဲ့ တုံ့ပြန် ဖြေရှင်းမှုတွေကလည်း ခိုင်မာ အားကောင်းမှာပဲ ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဟာ လုံးဝ အလျှော့ပေးသွားမှာ မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။
၂၀၁၂ ကစလို့ တရုတ်ထိန်းချုပ်ထားရာ ကမ်းဝေး သောင်ခုံကျွန်း တခုနားမှာ တရုတ် ကမ်းခြေစောင့်တပ် မဟုတ်ဘဲ ရေတပ်ရဲ့ စစ်သင်္ဘောတချို့ လှုပ်ရှားနေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖိလစ်ပိုင်က ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ အဲဒီ အခြေအနေဟာ သာမန်ထက် ထူးခြားနေပြီး စိုးရိမ်သင့်တဲ့ ကိစ္စတခုလို့တော့ မားကို့စ်က မှတ်ချက်ပေးသွားပါတယ်။
တောင်တရုတ်ပင်လယ်ဟာ တည်နေရာအရ ဒေသတွင်း နိုင်ငံတွေအတွက် မဟာဗျူဟာကျသလို သဘာဝ ရင်းမြစ်တွေ၊ ငါးသယံဇာတတွေ ပေါကြွယ်ဝပြီး ကမ္ဘာပေါ်မှာ အရေးအပါဆုံး ရေလမ်းကြောင်း တခုအဖြစ်လည်း တည်ရှိနေပါတယ်။
Ref: CNA