ဖေဖော်ဝါရီ ၊ ၂၉
ရခိုင်ပြည်နယ် စစ်တွေမြို့မဈေးကြီးထဲကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၂ ဦးထက်မနည်း သေဆုံးကာ နှစ်ဆယ်၀န်းကျင်ဒဏ် ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့ ကိုးရီးယာဆိပ်ကမ်းမှာရှိတဲ့ မြို့မဈေး ၊ ဟင်းသီးဟင်းရွက်နဲ့ သားငါးပျံကျဈေးတန်းထဲကို မနက် ရှစ်နာရီ၀န်းကျင်လောက်မှာ လက်နက်ကြီးကျည်ကျရောက်ခဲ့တာလို့ဆိုပါတယ်။
“ရေတပ်ထဲက ပစ်တဲ့လက်နက်ကြီးကျတာ၊ ဈေးထဲမှာ လူတွေ ဈေးသည်တွေ ပြုံနေတော့ ဒဏ်ရာရတာ အများကြီးပဲ၊ အခု ဆေးရုံပို့ထားကြတယ်”လို့ စစ်တွေမြို့ခံ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံး ဒဏ်ရာရသူ အရေအတွက်ကို တိတိ ကျကျ မသိရသေးပေမယ့် သေဆုံးသူဟာ ၁၂ ဦးထက်မနည်းရှိပြီလို့ စစ်တွေဆေးရုံနဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ ဈေး သည်အမျိုးသမီးတွေ အများဆုံးပါ၀င်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်တွေမြို့ ပွိုင့်ကမ်းခြေရှိ ရေတပ်စခန်းထဲသို့ ဟောင်၀စ်ဇာအမြောက်ကြီးတွေ ပြောင်းရွေ့ တပ်ဆင်ကာ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေခဲ့တာပါ။
“ပုဏ္ဏားကျွန်းစဖြစ်ကတည်းက အမြောက်တွေ ရေတပ်ထဲကို ပြောင်းပြီး ပစ်နေတာ၊ မနေ့ညကလည်း တောက်လျောက်ပစ်တယ်”လို့ စစ်တွေဒေသခံက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိသေးပေမယ့် စစ်ကောင်စီတပ်ကတော့ မြို့ထဲအပါအ၀င် မြို့အနီး၀န်းကျင်ရွာတွေကို လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတာဖြစ်ပါတယ်။
AAဖက်ကလည်းစစ်တွေမြို့အဝင်က စစ်ကောင်စီတပ်ရင်းတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မူတွေရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း စစ်တွေမြို့ ရွှေပြားဆိပ်ကမ်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက် ကြီးကျည်တလုံး ကျရောက်ခဲ့ပြီး ထိခိုက်သူတော့ မရှိခဲ့ပါဘူး။