ကလေးနို့မှုန့်ထဲ မူးယစ်ဆေးတွေ ရောဖျော်ပြီး တိုက်ခဲ့တဲ့ မလေးရှား ဇနီးမောင်နှံ အဖမ်းခံရ

ဖေဖော်ဝါရီ၊ ၂၈

ကလေးနို့မှုန့်ထဲ မူးယစ်ဆေးတွေ ရောထည့်ပြီးတိုက်ခဲ့တဲ့ မလေးရှား ဇနီးမောင်နှံဟာ ဖမ်းဆီးပြီး တရားစွဲဆို ခံခဲ့ရကြောင်း သိရပါတယ်။

အသက် ၄၀ အရွယ် ဆိုဖီယန် မူစတာဖာဇင်နဲ့ အသက် ၃၄ နှစ်အရွယ် ဇနီးဖြစ်သူ နာဘီလာ ဟာဒူ ဖက်ဒ်လီတို့ နှစ်ဦးလုံးဟာ တူညီတဲ့ စွဲချက်နဲ့ တရားစွဲ ခံရပေမယ့် နာဘီလာက အပြစ်ရှိကြောင်း ဝန်ခံပြီး ခင်ပွန်းသည်ကတော့ အပြစ်မရှိဘူးလို့ ခုခံ ငြင်းဆိုထားပါတယ်။ အမျိုးသမီးက သူဟာ ခင်ပွန်းသည် အသုံးပြုတဲ့ မက်သာမက်ဖက်တမင်း အရည်ကို ရေကျက်အေးနဲ့ မှားပြီး ရောစပ်မိခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ပက်တလင် ဂျာယာမှာရှိတဲ့ တာမန် မီဒန် ရပ်ကွက်ထဲက တိုက်ခန်းမှာ သူတို့ စုံတွဲဟာ အသက် ၁ နှစ်နဲ့ ၄ လအရွယ် ကလေးငယ်ရဲ့ နို့မှုန့်ဘူးထဲမှာ မက်သာမက်ဖက်တမင်း မူးယစ်ဆေးတွေ မတော်တဆ မှားထည့်ပြီး တိုက်မိခဲ့တာလို့ အစောပိုင်းမှာ သတင်းတွေက ဖော်ပြပေမယ့် တရားရုံးကတော့ ဒီကိစ္စကို ဇနီးမောင်နှံနှစ်ဦး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ စွပ်စွဲထားပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ဖြစ်စဉ်ကြောင့် ကလေးငယ်ဟာ ဆေးဝါးဓာတ်မတည့်မှု လက္ခဏာတွေ အတော်လေး ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့စုံတွဲဟာ ကလေးသူငယ် ကာကွယ်ရေး ဥပဒေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေတွေအရ စွဲချက်တင် ခံထားရပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ် ၂၀ ထိဖြစ်စေ၊ ရင်းဂစ်ငွေ ၅၀၀၀၀ ထိ ထောင်ဒဏ်ဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ ချမှတ် ခံရနိုင်တယ်လို့ လက်ထောက် အစိုးရရှေ့နေ တဦးဖြစ်တဲ့ အာမက် ဇူဟိုင်နီ မဟာမက် အာမင်က ပြောပါတယ်။

သူတို့အတွက် တရားရုံးက အာမခံ ခွင့်ပြုထားပေမယ့်လည်း မိသားစု ဝင်ငွေ အခြေအနေက မတည်ငြိမ်တဲ့အတွက် အာမခံကြေးကို လျှော့ပေါ့ပေးဖို့ ဆိုဖီယန်က လျှောက်ထား တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ သူတို့မှာ ကျောင်းနေအရွယ် အပါအဝင် တခြားကလေး ၂ ဦးလည်း ရှိပါတယ်။

နာဘီယန်ကလည်း သူဟာ လောလောဆယ် အလုပ်မရှိဘဲ ကလေးတွေကိုလည်း အုပ်ထိန်းနေရတာကြောင့် အာမခံကြေးက ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း လျှောက်ထားခဲ့တာကြောင့် တရားသူကြီးက နှစ်ဦးစလုံးအတွက် အာမခံကြေးကို ရင်းဂစ် ၅၀၀၀ ထိ လျှော့ချပေးခဲ့ကြောင်း သိရပါတယ်။

 

Ref: Straits Times