Mytelကဝန်ထမ်းတွေကုမ္ပဏီတာဝန်ထမ်း ဆောင်ကာလအတွင်း စစ်မှုထမ်းကင်းလွတ်ခွင့် ရရှိမယ်လို့ဆို

ဖေဖော်ဝါရီ၊ ၂၇

စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytelနဲ့မိတ်ဖက်ကုမ္ပဏီတွေမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတချို့ နှုတ်ထွက်မှုတွေ ရှိလာတဲ့အတွက် ကုမ္ပဏီမှာ အလုပ်လုပ်နေစဉ်ကာလမှာ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးဖို့ စီစဉ်ထားတယ်လို့  DNA က စုံစမ်းသိရှိရပါတယ်။

အဓိက အလုပ်ထွက်မှာကြောက်လို့ အလုပ်ထွက်တဲ့သူတွေ များလာတော့ ကုမ္ပဏီဘက်က စာပို့ပြီး အကြောင်းကြားလာတာ၊ သိမ့်မကြာသေးဘူး၊ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်လိုMytelကုမ္ပဏီဝန်ထမ်းဟောင်းတဦးက ပြောပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပြီး စစ်မှုစတင်ထမ်းဆောင်ဖို့ ကာလကို လာမဲ့ ဧပြီလ သင်္ကြန်ပိတ်ရက်အပြီးမှာ စတင်အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

ဒီလိုထုတ်ပြန်ပြောဆိုချက်ထွက်ပေါ်လာပြီးနောက် အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတွေက ပြည်ပနိုင်ငံတွေကို ထွက်တာ၊ တော်လှန်ရေးအင်အားစုတွေထဲ ဝင်တာတွေ ရှိနေသလို ပြည်တွင်းမှာ ပုဂ္ဂလိကကုမ္ပဏီတွေမှာ အလုပ်လုပ်နေသူတွေကလည်း စစ်မှုမထမ်းရဖို့အတွက် အလုပ်ကနေ နှုတ်ထွက်ကာတိမ်းရှောင်နေကြသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

အဲဒီထဲက စစ်တပ်ပိုင် Mytel ကုမ္ပဏီ နဲ့ Mytel လက်အောက်က မိတ်ဖက်ကုမ္ပဏီတွေမှာ အလုပ်လုပ်နေကြတဲ့ဝန်ထမ်း တရာနီးပါးက အလုပ်ကနေ နှုတ်ထွက်စာတင်တာနဲ့ အလုပ်ကနေ နှုတ်ထွက်သွားတာ ရှိနေတာဖြစ်ပါတယ်။

ဒီလိုမျိုး နှုတ်ထွက်သွားတဲ့ဝန်ထမ်းတွေက တနေ့ထက်တနေ့ပိုများလာပြီးတဲ့နောက် Mytelကုမ္ပဏီCEO ဘုတ်အဖွဲ့က စစ်ကောင်စီထံတင်ပြခဲ့ပြီးနောက် Mytelကုမ္ပဏီ လက်အောက်မှာ အလုပ်လုပ်နေစဉ်ကာလပတ်လုံး စစ်မှုထမ်းခွင့်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ကြောင်း သဘောတူညီချက်ရရှိပြီးနောက် သက်ဆိုင်ရာဝန်ထမ်းတွေကို အသိပေးအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

DNA က ဖတ်ရှု့ခွင့်ရရှိခဲ့တဲ့အကြောင်းကြားစာထဲမှာတော့ ဝန်ထမ်းတွေ စစ်မှုထမ်းရမဲ့ အခြေအနေမျိုးကြုံတွေ့လာပါက ကုမ္ပဏီဘက်ကနေ အပြည့်အဝအကာအကွယ်ပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှု ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ မစိုးရိမ်ကြဖို့ကို ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေကို စိုးရိမ်ပြီး အလုပ်ထွက်တာမျိုးမလုပ်ကြဖို့နဲ့ မရေရာတဲ့နေရာမျိုးကို သွားဖို့ ကြိုးစားတာမျိုး မလုပ်ကြဘဲ ကုမ္ပဏီရဲ့ ကာကွယ်စောင့်ရှောက်နိုင်မှုကို ယုံကြည်ပေးကြစေလိုတယ်လို့ ထည့်သွင်းရေးသားထားပါတယ်။

“ဘယ်လိုမှ ယုံကြည်မှုကို မရှိဘူးပေါ့၊ ဘာလို့ဆိုတော့ အစိုးရဝန်ထမ်းတွေတောင် စစ်မှုထမ်းရမှာလေ၊ ကိုယ်တွေလို ပုဂ္ဂလိကဝန်ထမ်းတွေက မထမ်းရဘူးဆိုတော့ ဖြစ်နိုင်ချေနည်းတယ်လေ၊ ကံကောင်းရင်တော့ ခေါင်းဆောင်ပိုင်းတွေ ကင်းလွတ်ခွင့်ရရင်ရမယ်ပေါ့” လို့အဲဒီကုမ္ပဏီဝန်ထမ်းဟောင်းက ပြောပါတယ်။

Mytelကုမ္ပဏီက အလုပ်ထွက်သွားတဲ့သူတွေဟာ တာဝါတိုင်ကို ထိန်းသိမ်းပြုပြင်ရေး လုပ်ရတဲ့ Field Maintenance engineer (FME)၊ နည်းပညာပိုင်း၊ ဖြန့်ချိရေးပိုင်းနဲ့ ရုံးလုပ်ငန်းပိုင်းတွေမှာ တာဝန်ယူရတဲ့ နယ်မြို့တွေကဝန်ထမ်း​တွေအဓိက နုတ်ထွက်သွားတာဖြစ်ပါတယ်။

အဲဒီအပိုင်းတွေကို တာဝန်ယူရတဲ့ ဝန်ထမ်းတွေ ရုတ်တရက်နုတ်ထွက်သွားတဲ့အခါမှာ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ အစရှိတဲ့  Mytel Opreation  လုပ်ငန်းတွေပုံမှန်လည်ပတ်ဖို့ အခက်အခဲကြုံတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

” FME တွေ ထွက်တာ များတာ သူတို့အတွက် သက်ရောက်မူ များတယ် ဘာလို့လဲဆိုတော့ sites တွေ မကျ ဖို့ကို FME တွေက အဓိက တာဝန်ယူပြီးဖြေရှင်းကြတာဆိုတော့ သူတို့ အများကြီးရုတ်တရက်ထွက်သွားရင် လိုင်းသုံးမရ ဖုန်းခေါ် မရတာတွေ ဖြစ်တယ်” Mytel မှာ FMEအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

Mytel ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့သူတွေဟာ အခြေခံလစာ အနိမ့်ဆုံး ငွေကျပ်နှစ်သိန်းအထက်ကနေ ရာထူးအလိုက်အပေါ်မူတည်ကာ သိန်းဆယ်ချီကနေ ရာချီအထိ လုပ်ခလစားတွေ ရရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားဥပဒေနဲ့အညီ လုပ်ကိုင်မှုမရှိတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ ခေါင်းပုံဖြတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

 Mytel  မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေစစ်မှုကင်းလွတ်ခွင့်ပေးတာနဲ့ပတ်သက်ပြီး ကုမ္ပဏီရုံးချုပ်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

DNA ကဆက်သွယ်ရရှိခဲ့တဲ့ မွန်ပြည်နယ်ရုံးခွဲကမန်နေဂျာကတော့ဖုန်းမှား​နေတယ်လို့သာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Mytel ကုမ္ပဏီမှာ ဆယ်စုနှစ်တခုနီးပါးအလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတဦးကတော့ ဝန်ထမ်းတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိမယ်လို့ ပြောဆိုချက်ဟာ ရုံးချုပ်အနေနဲ့ တရားဝင် ပြောဆိုထားခြင်းမရှိသေးဘူးလို့ တုံ့ပြန်ပါတယ်။

“အဲဒီလိုတော့ မရှိပါဘူး၊ ဘာမှ မကြားသိရသေးပါဘူး၊ အဲဒီကိစ္စတွေက ရုံးချုပ်ဘက်ကပဲ သိမှာပါ” လို့ သူက ပြောပါတယ်။

Mytel ကုမ္ပဏီ ကို ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ၊ Myanmar National Telecom Holding ကုမ္ပဏီနဲ့ Star High Public ကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ထားပြီး မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ဝန်ဆောင်မှုစတင်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Mytel ဆက်သွယ်ရေးကုမ္ပဏီကို Viettelက ရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ပိုင် Star High Public Company က ရှယ်ယာ ၂၈ ရာခိုင်နှုန်းပါဝင်ကာ ကျန်တဲ့ ရှယ်ယာ ၂၃ ရာခိုင်နှုန်းက ဒေသတွင်း ကုမ္ပဏီအစုအဖွဲ့တခုဖြစ်တဲ့ Myanmar National Telecom Holding Public Co,Ltd က ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

Mytel  ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေရရှိတဲ့ ရင်းမြစ်တခုအဖြစ် ဝေဖန်ခံနေရသလို စောင့်ကြည့်မှုခံနေရတဲ့လုပ်ငန်းတခုလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံကို စစ်တပ်က တကျော့ပြန် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်တပ်ပိုင်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့ လှုပ်ရှားဆောင်ရွက်မှုမှာ မိုင်တဲလ်ကုမ္ပဏီက ထိပ်ဆုံးပါဝင်ပြီး အဲဒီလှုပ်ရှားမှုက စစ်တပ်အတွက် ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။