ဒိုက်ဦးက ပျောက်ဆုံးကလေးငယ်ရဲ့အလောင်း နေအိမ်အနီးချောင်းထဲက ပြန်တွေ့၊ ဒဏ်ရာတချို့လည်း တွေ့ရ တယ်လို့ မိသားစုဝင်ပြော

ဖေဖော်ဝါရီ၊ ၂၇
 
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာက သုံးရက်ကြာ ပျောက်ဆုံးနေတဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက် ၈ နာရီလောက်က နေအိမ်အနီး ချောင်းထဲကနေ ပြန်တွေ့ခဲ့ပြီး အလောင်းမှာ ဒဏ်ရာ၊ ဒဏ်ချက်တချို့လည်း ရှိနေတယ်လို့ သေဆုံးသူကလေးငယ်နဲ့ တရွာတည်းနေ မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။
 
“အိမ်နဲ့ တလမ်းအကျော် လယ်ကွက်နှစ်ကွက်အကျော် ချောင်းထဲမှာ သေနေပါပြီဗျာ၊ ဒဏ်ရာက ကြောပြင်နဲ့ ညိုမဲနေတဲ့ ဒဏ်ရာမျိုးတော့ တွေ့ရတယ်” လို့ သူကပြောပါတယ်။
 
သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ချောင်းထဲကနေ ပြန်ဆယ်ချိန် ကလေးရဲ့ ကြောပြင်မှာ ညိုမဲနေတဲ့ ဒဏ်ရာ အနည်းငယ်တွေ့ရှိခဲ့ပေမယ့် မှုခင်းဆေးစာအရတော့ ကလေးရုပ်အလောင်းမှာ ပြင်ပဒဏ်ရာမရှိကြောင်း ဖော်ပြထားတယ်လို့ အာဏာပိုင်တွေက မိသားစုဝင်တွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။
 
“ဆယ်တဲ့သူတွေပြောတာ ရိုက်ခံထိထားတာလား၊ ဘယ်လိုတော့ မသိဘူး၊ ညိုမဲအကွက်တွေ ရှိတယ်တဲ့ ဆရာဝန်နဲ့ ရဲကတော့ ဘာဒဏ်ရာမှ မတွေ့ဘူး မရှိဘူးတဲ့” လို့ အထက်ပါမိသားစုဝင်က ပြောပါတယ်။
 
သေဆုံးသွားတဲ့ ကလေးဟာ အသက် သုံးနှစ် နှစ်လအရွယ် မောင်ဇွဲမာန်သစ် ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၅ နာရီခန့်မှာ ရှမ်းစုကျေးရွာရှိ နေအိမ်မှာ မိခင်နဲ့အတူ ရှိနေချိန် မိခင်က ကလေးကိုကျွေးဖို့ ထမင်းသွားခူးနေချိန်မှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
 
မောင်ဇွဲမာန်သစ်ရဲ့ ဖခင်ဖြစ်သူကတော့ ကလေးရုပ်အလောင်း ပြန်တွေ့ခဲ့ပြီးနောက် “ မချိမဆန့် dead body ဒီအရွယ်နဲ့ ဒီဒဏ်ရာ မျှတရဲ့လားကွာ နောက်ဆုံးခရီး ဒီနေ့ဘဲ စီစဥ်လိုက်ရတော့တယ်” လို့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
 
နေအိမ်မှာပဲရှိနေချိန်မှာ ပျောက်ဆုံးသွားတာလို့ ကလေးငယ်ရဲ့ ဖခင်အပါအဝင် မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ကြတာကြောင့် ဒီဖြစ်စဉ်ကို လူသိများနေပြီး ကလေးပြန်တွေ့၊ မတွေ့ စောင့်ကြည့်နေကြတာပါ။
 
မောင်ဇွဲမာန်သစ်ရဲ့ ဖခင်ဖြစ်သူဟာ ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မိခင်ဖြစ်သူကတော့ မိသားစုဝင်တွေနဲ့အတူ အသုတ်နဲ့ မြန်မာမုန့်မျိုးစုံ ပြုလုပ်ရောင်းချနေသူ ဖြစ်တယ်လို့ သိရပါတယ်။
 
မောင်ဇွဲမာန်သစ်ရဲ့ မိဘတွေနဲ့ ရွာခံတချို့ကြား ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေ ရှိနေတာကြောင့် ကလေးငယ်သေဆုံးရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြင်ပပယောဂ ပါဝင်နိုင်ကြောင်း မိသားစုဝင်တွေက မှန်းဆနေကြပါတယ်။
 
“ကလေးက ငယ်ငယ်လေးဗျာ၊ ကားလမ်းကို ကျော်ပြီး အဲဒီနေရာကို သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့၊ ချောင်းထဲကို ရောက်စရာမရှိဘူး၊ တယောက်ယောက်ပဲ လုပ်တဲ့သဘောပဲ ယူဆထားတာပေါ့” လို့ အထက်ပါမိသားစုဝင်က ပြောပါတယ်။
 
ကလေးပျောက်ဆုံးနေချိန်ကတည်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဆီ အမှုဖွင့်တိုင်ကြားထားတာကြောင့် ရဲတွေကတော့ စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
 
ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ မနက် ၁၀ နာရီက ကျေးရွာသုဿန်မှာ သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။
 
ဓာတ်ပုံ – ဦးငယ် FB