ကလေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို တော်လှန်ရေးတပ်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတယ်လို့ဆို

ဖေဖော်ဝါရီ၊ ၂၇
 
မြို့အနီးဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်ထဲမှာ ပိတ်မိနေတဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် ဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို တော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီ ၂၆ ရက်၊ မနေ့က ခေါ်ထုတ်လာပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။
 
“လေကြောင်းနဲ့ လာထုရင် ထိခိုက်မှာစိုးလို့၊ ဖောကားနဲ့ တင်တာ၊ လမ်းမှာ မြင်လိုက်တဲ့ ပြည်သူတွေမှ တပုံကြီး၊ ဖောကား အပြာတစီး အဖြူတစီးတော့ မြင်မိတယ်” လို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ တော်လှန်ရေးအင်အားစုတခုရဲ့ အဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
အဲဒီလို ခေါ်ထုတ်လာတဲ့အထဲ ဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း တရာကျော်ပါဝင်ပြီး သူတို့ကို ကလေးမြို့ထဲ မပို့ဘဲ တခြားဘေးလွတ်ရာနေရာကိုပဲ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာ တွေမှာတော့ ကလေး တက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား တွေကို PDF က ဖမ်းခေါ်လာချိန် စစ်ကောင်စီစစ်ကြောင်းက ကယ်ဆယ်နိုင်ခဲ့လို့ ၂၈၅ ဦး လွတ်မြောက်လာပေမယ့် ဆက်လက်အဖမ်းခံထားရသူတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
“မဖမ်းပါဘူး၊ ဖမ်းပြီး ဘယ်နားထားရမလဲ၊ စခ (စစ်ကောင်စီတပ်သား)လည်းမဟုတ် ပျူ၊ ဒလန်လဲ မဟုတ်၊ ဘေးကင်းရာ ပို့လိုက်ပြီ” လို့လည်း အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ပြောပါတယ်။
 
အခုလို ခေါ်ထုတ်လာပေးတဲ့သူတွေဟာ တက္ကသိုလ်အနီး နှစ်ဖက်တိုက်ပွဲတွေ ရှိနေလို့ အပြင်ထွက်မရဘဲ ပိတ်မိနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်က လာခေါ်ထုတ်ပေးတာ မရှိဘူးလို့လည်း ဆိုပါတယ်။
 
“အရင်ရက်ကတော့ ဆိုင်ကယ်ပါသူ အတွင်းဆောင်နေတွေ ထွက်လို့ရတယ်တဲ့၊ ဆိုင်ကယ်မပါ အတွင်းဆောင်နေသူတွေက ပိတ်မိ” လို့လည်း သူက ပြောပါတယ်။
 
ကလေးမြို့နဲ့ အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေနဲ့ ပျူစောထီးအားကောင်းတဲ့ ရွာတချို့ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၂ ရက်မှာ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတုန်းပဲလို့ သိရပါတယ်။
 
ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ ကလေးတက္ကသိုလ်က ဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ခေါ်ထုတ်သွားတာ အမှန်ဖြစ်ပေမယ့် အသေးစိတ်အခြေအနေတော့ မသိရသေးဘူးလို့ ပြောပါတယ်။
 
“လောလောဆယ် ကျွန်တော်တို့ဆီ အကြောင်းမကြားသေးဘူးဆိုတော့ ဘယ်လိုတွေ ဆက်လုပ်ထားလဲဆိုတာ မသိရသေးဘူး” လို့ သူက ပြောပါတယ်။
 
ကလေးမြို့မှာ စစ်ကောင်စီတပ်ပေါင်းစုံ နေရာယူထားတာဖြစ်ပြီး ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)၊ ထောက်ပို့တပ်၊ အင်ဂျင်နီယာတပ်နဲ့ အမြောက်တပ်တွေလည်း ရှိပါတယ်။
 
ကလေးတက္ကသိုလ်ကတော့ ကလေးမြို့ရဲ့ အချက်အချာကြတဲ့ မြို့တွင်းရပ်ကွက်ဖြစ်တဲ့ တာဟန်းရပ်ကွက်နဲ့ သုံးမိုင်ကျော်အကွာ ချင်းပြည်နယ်နဲ့ ကလေးမြို့အစပ်မှာ ရှိတာပါ။
 
အလားတူပဲ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ ကရင်နီပူးပေါင်းတပ်တွေ (၁၁၁၁) စစ်ဆင်ရေး စတင်တဲ့အချိန် လွိုင်ကော်တက္ကသိုလ် ထဲမှာ တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင် နှစ်ရာကျော် ပိတ်မိနေလို့ ကယ်ထုတ်ပေးခဲ့ရတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ခဲ့ပါသေးတယ်။
 
နောက်ပိုင်းမှာ အဲဒီပညာရေးဝန်ထမ်းတွေထဲက အများစုကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ က နေရပ်ပြန်ခွင့် ပေးခဲ့ပြီး စစ်ကောင်စီကတော့ ကရင်နီတော်လှန်ရေးတပ်တွေက အဲဒီပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးသွားတာလို့ စွပ်စွဲခဲ့ပါတယ်။
 
ဓာတ်ပုံ – Google