ရခိုင်က ရိုဟင်ဂျာတွေနဲ့ ပြည်မရောက် ရခိုင်လူငယ်တွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ

ဖေဖော်ဝါရီ၊ ၂၆
 
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူငယ်အလုပ်သမားတွေနဲ့ နေရပ်ပြန်လာတဲ့ ရခိုင်ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေကို ဝင်ရောက်ပြီး ရိုဟင်ဂျာလူငယ်ရာချီကို အတင်းအဓမ္မဖမ်းဆီးကာ စစ်သင်တန်းပေး၊ စစ်မှုထမ်းခိုင်းဖို့ လုပ်နေတာလို့ ဆိုပါတယ်။
 
လက်ရှိမှာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာလူငယ် ငါးရာဝန်းကျင်အထိ ဖမ်းဆီးခံရထားရပြီဖြစ်ကာ ကျောက်ဖြူမြို့နယ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာလည်း စစ်မှုထမ်းမယ့် လူငယ်တွေပေးကြဖို့ တောင်းထားတယ်လို့ ဒေသတွင်း ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။
 
“ဒီနိုင်ငံမှာ နေရင် ဒီနိုင်ငံမှာ စစ်မှုထမ်းရမယ်၊ မထမ်းလို့ မရဘူးဆိုပြီး လာဖမ်းကြတာ၊ AA ဆီကိုလည်း မသွားကြနဲ့၊ သူခိုးကို ဓါးရိုးကမ်းမလား၊ စစ်တပ်ထဲပဲ လာကြဆိုပြီး ပြောတယ်၊ အတင်းလာဖမ်းတယ်” လို့ ဘူးသီးတောင်မြို့နယ်မှ ဒေသခံရိုဟင်ဂျာ အမျိုးသားတဦးက ရိုဟင်ဂျာတွေ ဖမ်းဆီးခံနေရတဲ့ အခြေအနေနဲ့ပက်သက်လို့ DNA ကို ပြောပြပါတယ်။
 
ကျောက်ဖြူမြို့နယ် ကျောက်တလုံး ရိုဟင်ဂျာဒုက္ခသည်စခန်းမှ လူငယ် ဆယ်ဦးကျော်ကတော့ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းကို ခံရမှာစိုးရိမ်တာကြောင့် ဒေသတွင်းရှိ ရက္ခိုင့်တပ်တော် (AA)စခန်းဆီ သွားရောက်ခိုလှုံခဲ့ကြပါတယ်။
 
ဒါ့အပြင် ရန်ကုန်အပါအဝင် ပြည်မမြို့တွေဆီ ရောက်နေတဲ့ သမီးတွေအပါအဝင် ရခိုင်လူငယ်အလုပ်သမားတွေကိုလည်း စစ်ကောင်စီလက်အောက်ခံတွေက ဖမ်းဆီးနေတယ်လို့ ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ တပတ်အကြာ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ရန်ကုန်ကနေ ရခိုင်သို့လာတဲ့ ကားသုံးစီးကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဟန့်တားကာ ကားပေါ်ပါလာတဲ့ ရခိုင်ဒေသခံတရာကျော်ကို ဖမ်းဆီးထားခဲ့တယ်လို့ မိသားစုတွေက ပြောပါတယ်။
 
“အခုထိ ဘယ်ကို ရောက်နေတယ်၊ ဘယ်လိုအခြေအနေရှိတယ် တခုမှ မသိရသေးဘူး၊ ကိုယ့်အိမ်ကိုယ် ပြန်လာကြတာကို ဖမ်းတာပါ၊ ကျွန်တော်တို့ဖက် ရွာတွေက စက်ရုံမှာလုပ်တဲ့ မိန်းကလေးတွေလည်း အများကြီးပါသွားတယ်” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ မြေပုံဒေသခံတဦးက ပြောပါတယ်။
 
အဲဒီလို ရန်ကုန်မြို့ထဲ ဖမ်းဆီးတာအပြင် လေကြောင်းကနေတဆင့် ရခိုင်ပြည် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း တို့ဆီလာကြတဲ့ ရခိုင်ဒေသခံတွေကိုလည်း လေဆိပ်အရောက်မှာ ဖမ်းဆီးတာတွေ ရှိနေပြီး ဖမ်းဆီးခံထားရသူ ရာချီရှိနေတယ်လို့ ဆိုကြပါတယ်။
 
“မလေးရှားမှာ အလုပ်သွားလုပ်နေတာ အခု ကျန်းမာရေးမကောင်းလို့ ပြန်လာတာ စစ်တွေမှာ အဖမ်းခံထားရတယ်၊ သုံးလေးရက်ရှိပြီ၊ ပြန်မလွှတ်သေးဘူး၊ ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘူး၊ တော်တော်စိတ်ပူနေပြီ” လို့ ပေါက်တောမြို့နယ်မှ ဖမ်းဆီးခံထားရသူရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
 
ရခိုင်ပြည်တွင်း မြို့နဲ့ တပ်စခန်းတွေ တခုပြီး တခု လက်လွှတ်နေရကာ တပ်သားအင်အား ဆုံးရှုံးမှု အများအပြားရှိနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက်ပိုင်းမှာ အခုလို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာတာပါ။
 
ဒါ့အပြင် ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူမျိုးတွေကြားမှာလည်း အမုန်းတရားတွေ ပွားစေဖို့ မမှန်သတင်းတွေနဲ့ ဝါဒဖြန့်တာတွေကိုလည်း စစ်အုပ်စုက လုပ်နေပါတယ်။
 
စစ်ကောင်စီဟာ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်း စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကို အခုဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြဌာန်းအသက်သွင်းခဲ့တာပါ။
 
အဲဒီလို စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးတဲ့နောက် ရခိုင်နဲ့ ရိုဟင်ဂျာတွေအပြင် တခြားပြည်နယ်၊ တိုင်းတို့အတွင်းရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ ဒေသတွေအတွင်းမှ လူငယ်တွေကိုလည်း ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ရေးသားကြပါတယ်။
 
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရှုံးနေချိန်မှာ လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ဖို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ကနေတဆင့် ဒီနေ့မနက်မှာ သတိပေးလိုက်ပါတယ်။
 
“တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး မိုက်တွင်းနက်နေအုံးမယ်ဆိုယင် မင်းတို့ရဲ့ဂုဏ်သိက္ခာကို ထည့်မစဉ်းစားယင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီး မြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲတွေ စဖြစ်ကတည်းက ရခိုင်ပြည်တွင်း ဆက်သွယ်ရေးလမ်းကြောင်း တွေအားလုံးကို ပိတ်ကာ မြို့တော်စစ်တွေအပါအဝင် စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိသေးတဲ့မြို့တွေဆီ ဆေးကုဖို့နဲ့ စျေးဝယ်၊ စျေးရောင်းလာသူတွေကိုပါ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
 
ဒါ့အပြင် AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ အလားတူပဲ ရခိုင်ဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူဟာလည်း တရာကျော်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။
 
AA ဟာ ရခိုင်ဒေသတိုက်ပွဲသုံးလကျော်အတွင်း ပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားပြီး ကျန်မြို့တွေကိုလည်း သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကာ ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းထိပါ တိုက်ပွဲတွေ ကျယ်ပြန့်လာတာတွေ့ရပါတယ်။
 
ဓာတ်ပုံ – Social Media