ကလေးမြို့တိုက်ပွဲမှာ CNDF ဒုစစ်ဦးစီးချုပ်အပါအဝင် လေးဦးကျဆုံး၊ရွာသုံးရွာကိုတော်လှန်ရေးတပ်တွေ သိမ်းပိုက်

ဖေဖော်ဝါရီ ၊ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ အနီးတဝိုက်ကလတ်တလော တိုက်ပွဲတွေ အတွင်း မနေ့ကတရက်တည်း ချင်းအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ CNDF ဒုစစ်ဦးစီးချုပ်အပါအဝင်လေးဦး ကျဆုံးသွားတယ်လို့ CNDF တပ်ဖွဲ့တာဝန်ရှိသူတဦးက DNA ကိုအတည်ပြုပါတယ်။

“ရှေ့တန်းပေါ့နော်၊ ရဲဘော်တွေလည်း သွားပြီဆိုတော့ သွားကြည့်တဲ့ သဘောပေါ့၊ စစ်ကြောင်းနဲ့သွားတိုးမိတော့ ဝိုက်ခံလိုက်ရတာ၊ဒုစစ်ဦးစီးချူပ်ကောပါသွားတယ်၊ သူ့ရဲ့နောက်လိုက် အမျိုးသမီးတဦးလည်းပါသွားတယ်၊ ရဲမေ ပါ၊အခုလို ရာထူးအမြင့်ပိုင်းနဲ့ အမျိုးသမီးရဲမေ ကျတာတော့ အဖွဲ့မှာ ပထမဦးဆုံးပဲ”လို့ သူကပြောပါတယ်။

CNDF ရဲ့ ဒုတိယစစ်ဦးစီးချုပ် အသက် ၃၃နှစ်အရွယ် ဆလိုင်းဒေးဗစ်နယူး(ခ) Joshua၊ အသက်နှစ်ဆယ်ကျော် အရွယ် တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ရဲမေရွှေနွမ်ကိမ် (ခ)မအားငယ်နဲ့ အေမော စ်ဗန်နိုက်လျန်း သုံးဦးဟာမနေ့ကက လေး မြို့နယ်တောင်ပိုင်းစစ်ကိုင်း၊မကွေး၊ချင်းဒေသ သုံးခုအစပ်က အောင်သာယာရွာအနီးမှာဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

အောင်သာယာကျေးရွာဟာ ကလေးမြို့နဲ့ ဂန့်ဂေါနယ်အစပ်မှာရှိတဲ့ရွာဖြစ်ပြီး အဲဒီဒေသတဝိုက်မှာပျူစောထီး တွေအားကောင်းပြီး အခြေစိုက်စခန်းရှိတဲ့ ရွာတွေရှိနေပါတယ်။

CNDFက နောက်ထပ် ကျဆုံးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ရဲဘော် ကိုမာန်ပူ(ခ) လမင်းဆိုသူကတော့ ကလေးမြို့လယ်နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ စက္ကန့်ရွာမှာ စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကိုရှင်းလင်းရင်းမ နေ့က မိုင်းထိလို့ကျဆုံးသွားတာလို့ သိရပါတယ်။

“စကစ တိုက်မိုင်းနဲ့ ထိသွားတာ”လို့ CNDF တာဝန်ရှိသူကပြောပါတယ်။

CNDF ဒုစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်တချို့ ကျဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီလော်ဘီတယ် လီ ဂရမ် ချန်နယ်တွေကလည်း ရေးသားဖော်ပြကြတာရှိပြီး သူတို့ကတော့ တိုက်ပွဲအတွင်း ချေမှုန်းနိုင်ခဲ့တာလို့ ဖော်ပြကြ ပါတယ်။

ကလေးမြို့ စက္ကန့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို  CNDFအပါအဝင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၁ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီး နောက်တရက်မှာ ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ လုံ ခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေး ဒေသခံ တဦးကပြောပါတယ်။

“စက္ကန့်ရွာဆိုတာက ကလေးမြို့အနောက်တောင်ဖက်မှာရှိတယ်၊ပြီးခဲ့တဲ့နှစ် ၉ လပိုင်းလောက်တုန်းက စစ်တပ်က ရွာမီးရှို့ပြီး အဲဒီကတည်းက ဝင်တပ်စွဲနေတာပါ၊ ပျူစောထီးတွေရော စစ်တပ်ကောပေါင်းနေတာ အခုတော့ ဒီ ဘက်က ပြန်ရလိုက်တာပေါ့ “ လို့ သူကဆိုပါတယ်။

စက္ကန့်ရွာအပါအဝင် ကလေးမြို့နဲ့ အနီးဝန်းကျင်ကစစ်ကောင်စီတပ်တွေအခြေချတပ်စွဲတဲ့နေရာတွေနဲ့ ပျူစော ထီးရွာတချို့ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၂ရက်မှာ တပြိုင်တည်း ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ကြတာဖြစ်ပြီးတိုက်ပွဲတွေအတွင်း  နှစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိကာ ဒီကနေ့ အထိလည်း စစ်ရေး တင်းမာနေဆဲပဲလို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့ဘက်လည်း သေတာရှိတယ်၊အရေတွက်တော့ အတည်ပြုဖို့ခက်တယ်ဗျ၊ မိုင်းကွင်းဖြတ်ရတာဖြစ်လို့ သေတာတော့သေပါတယ်” လို့ သူကဆိုပါတယ်။

ကလေးမြို့ရဲ့ တောင်ဘက် ငါးမိုင်ခန့်အကွာမှာရှိတဲ့  စက္ကန့်၊ စီးစံ၊ မြို့လှနဲ့ အင်ဒိုင်းကုန်းရွာတွေနဲ့  ကလေး မြို့ မြောက်ဘက်မှာရှိတဲ့ ကံကြီး၊ ကံသာယာ၊ ဒိုးဝိုင်းချောင်းနဲ့ ဘုရားကုန်း ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေ တာ ပါ။

အဲ့ဒီရွာတွေထဲက စက္ကန့်၊ကံကြီးနဲ့ ကန်သာယာရွာတွေကိုတော့ တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ကန်သာယာရွာဟာ  ကလေးမြို့မြောက်ဘက် ၁၆မိုင်ဝန်းကျင်အကွာ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းမပေါ်မှာရှိပြီး ကံကြီးရွာကတော့ ကန်သာယာရွာနဲ့ တမိုင်လောက်အကွာမှာရှိတာပါ။

ကလေးမြို့မှာ စစ်ကောင်စီတပ်ပေါင်းစုံ နေရာယူထားတာဖြစ်ပြီး ဒကစ (ဒေသကွပ်ကဲရေး)တပ် ၊ ထောက်ပို့ တပ်၊အင်ဂျင်နီယာတပ်နဲ့ အမြောက်တပ်တွေလည်းရှိပါတယ်။ 

အဲဒီတပ်တွေကနေ တဆင့် စစ်ကောင်စီတပ်က  လက်နက်ကြီးတွေနဲ့ ရမ်း သမ်းပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်သားဆယ်ဦးလောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒ့ါအပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ် အဆောက်အဦတချို့ ထိခိုက်ပျက်စီး တာတွေ ရှိ ပေမဲ့ အရေအတွက်တိတိကျကျမသိရသေးပါဘူး။

“အခုကလေးတောင်ပိုင်း မှန်တောမှာတော့ စကစ စစ်ကြောင်းရောက်နေတယ်၊ သူတို့နေရာယူထားတယ်ပေါ့၊ အခြေအနေကတော့ တင်းမာနေတုန်းပဲ၊ဒီနေ့ တိုက်ပွဲမရှိသေးပါဘူး”လို့ CNDF တာဝန်ရှိသူကပြောပါတယ်။

photo social media