ဖေဖော်ဝါရီ၊ ၂၃
မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်လာတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအပြင် ထိရောက်တဲ့ အကူအညီတွေပေးကြဖို့ကို အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်လာတဲ့သူတွေကို ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ဒီလ ၂၀ ရက်မှာထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောကြားအပြီးမှာ အခုလို တောင်းဆိုလိုက်ကြတာပါ။
အာဏာသိမ်းစစ်တပ်က ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေကို စစ်မှုမထမ်းအနေရ ဥပဒေကိုဒီလ ၁၀ ရက်က အသက်သွင်းလိုက်အပြီးမှာ နိုင်ငံအတွင်းက လူငယ်အမြောက်အမြားက အိမ်နီးချင်းထိုင်းနိုင်ငံဘက်ကို ရရာနည်းလမ်းနဲ့ သွားရောက်နေကြတာ ဖြစ်ပါတယ်။
“စစ်တပ်ကနေ နည်းပေါင်းစုံနဲ့ နှိပ်စက်နေလို့သာ ထွက်သွားရတဲ့ အနေအထာမျိုးဗျ၊ ထိုင်းအစိုးရအနေနဲ့ လူသားချင်း ကူညီထောက်ထားမှုကို ကြည့်ရှု့ပြီးတော့ ကူညီပေးသင့်တယ်” လို့ တနင်္သာရီတိုင်း၊ ထားဝယ်သပိတ်ဦးဆောင်မှုကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
ဒီပြောဆိုချက်မှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံထဲကို ထွက်လာကြမယ့် လူငယ်တွေလည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ အိမ်နီးချင်းထိုင်းနိုင်ငံဘက်ကို တရားမဝင်လမ်းကြောင်းက ထွက်ခွာဖို့ စီစဉ်နေတဲ့ အသက် ၂၄ နှစ်အရွယ် သထုံမြို့ခံတဦးက ပြောပါတယ်။
“ဘယ်လိုမှ နေလို့မအဆင်မပြေလို့သာ ထွက်ရတဲ့အခြေအနေဆိုတော့ တဖက်က ထိုင်းအစိုးရကလည်း အဲဒီလိုပြောတော့ စိုးရိမ်နေရတာပေါ့၊ အခန့်မသင့် ဟိုရောက်မှ ဖမ်းခံရရင် ဒီကို ပြန်ပို့ခံရမှာပဲလေ” လို့ သူက ပြောပါတယ်။
တရားဝင်လမ်းကြောင်းကနေ သွားရင် ထိုင်းသံရုံးကနေ ဗီဇာလျှောက်ထားဖို့ အချိန်ကြာမြင့်တာနဲ့ အကန့်အသတ်နဲ့သာ ထုတ်ပေးနေတဲ့ အခြေအနေတွေကြောင့်လည်း အခုလို တရားမဝင်လမ်းကြောင်းကို ရွေးချယ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေ ကြေညာပြီး နှစ်ပတ်အတွင်း ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားတဲ့ မြန်မာပေါင်း ခုနှစ်ထောင်ကျော်ရှိတယ်လို့လည်း ဗန်ကောက်ပို့စ်သတင်းစာက မနေ့က ရေးသားထားပါတယ်။
ရန်ကုန်မြို့ ထိုင်းသံရုံးကလည်း ဗီဇာလျှောက်သူ များပြားတဲ့အတွက် တရက်ကို လူလေးရာသာ လျှောက်ထားခွင့်ပြုတယ်လို့ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်းက လူငယ်တွေက ပြည်ပထွက်ခွာဖို့ ရွေးချယ်စရာ နိုင်ငံအများကြီးရှိတဲ့အထဲကမှ တခြားနိုင်ငံတွေကို သွားရာမှာ ကုန်ကျစရိတ်ကြီးမားတာ၊ သွားလာရခက်ခဲတဲ့အခြေအနေတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံဘက်ကို အဓိက ရွေးချယ်ဖြစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ဧပြီလကစပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ စတင်ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက်မှာ ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုလည်း နေ့စဉ်နဲ့အမျှ ရှိနေတာဖြစ်ပါတယ်။
ဒီလိုတရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့အတွက် နှစ်ပတ်အတွင်း လူပေါင်းရာနဲ့ချီပြီး ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ အလုပ်သမားအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေက ပြောကြပါတယ်။
ဒါ့ကြောင့် ထိုင်းနိုင်ငံထဲကို ရွေ့ပြောင်းဝင်ရောက်လာကြမယ့် မြန်မာလူငယ်တွေအနေနဲ့ တရားလမ်းကြောင်းကိုသာ ရွေးချယ်သင့်တယ်လို့ အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ အထွေထွေတာဝန်ခံ ကိုနေလင်းသူက အကြံပြုပါတယ်။
“အရင်ကထက် အရမ်းတင်းကြပ်တယ်၊ အကောင်းဆုံးကတော့ တရားဝင်လမ်းကြောင်းကိုပဲ ရွေးချယ်စေချင်တယ်၊ မဖြစ်မနေ တရားမဝင်လမ်းကို ရွေးရမယ်ဆိုရင်တော့ ပွဲစားအပေါ်မူတည်တယ်၊ သေချာစုံစမ်းပြီး လာစေချင်တယ်” လို့ သူက ပြောပါတယ်။
တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့သူတွေကို ဖမ်းဆီးခံရရင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရက်ပေါင်း သုံးဆယ်အထိ ဖမ်းဆီးခံထားရနိုင်ပေမယ့် အချိန်ကာလအားလုံး တွက်ချက်လိုက်ရင် အချုပ်တွေထဲမှာ နှစ်လ၊ သုံးလဝန်းကျင် နေပြီးမှသာ မြန်မာနိုင်ဘက်ကို ပြန်လည်ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ချိန်မှာ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်မှု ရှိ၊ မရှိ စစ်ကောင်စီရဲ့ စစ်ဆေးမှုကို ထပ်မံကြုံတွေ့နေရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပြည်ပကို ထွက်ခွာမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ၊ ဘာသာစကားတွေကို ကြိုတင်လေ့လာထားကြဖို့ကိုလည်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက တိုက်တွန်းပါတယ်။
စစ်မှုမထမ်းချင်လို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးမယူဘဲ လက်ခံပေးဖို့ လူသားချင်းစာနာမှု အစီအမံတရပ်အနေနဲ့ ယာယီအလုပ်လုပ်ကိုင်ခွင့်ပေးဖို့ကို ထိုင်းလွှတ်တော်အမတ်တဦးက ထိုင်းအစိုးရကို တိုက်တွန်းတောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူအပြစ်ပေးခံရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုပြီး ရက်ပိုင်းအကြာမှာ အခုလို အတိုက်အခံ FAIR ပါတီအမတ် ကန်နက်ဗီး ဆူယက်ဘ်ဆန်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အခုလို တရားမဝင် ဝင်ရောက်လာတဲ့သူတွေဟာ အလုပ်အကိုင်ထက် စစ်ပွဲတွေအကြား အသက်ကို ရင်းရမယ့် အခြေအနေကနေ တိမ်းရှောင်လာတာဖြစ်ပြီး စစ်မြေပြင်မှာ ကိုယ်တိုင်အသေခံဖို့ ဒါမဟုတ် သူတပါးကို သတ်ဖြတ်ဖို့ဆိုတဲ့ ခက်ခဲတဲ့ ရွေးချယ်မှုတွေကြောင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလာကြတဲ့ သူတွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“ထိုင်းအမတ် တောင်းဆိုတာကို ထောက်ခံတယ်ပေါ့နော်၊ ကိုယ့်နိုင်ငံမှာ ရွေးချယ်စရာမရှိလို့ တကယ်နေလို့မရလို့ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းကို သွားကြတာပေါ့လေ၊ ထိုင်းအစိုးရရော၊ ထိုင်းလုပ်ငန်းရှင်ရော ဖေးမပေးဖို့ တောင်းဆိုချင်တယ်” လို့ ရေးမြို့နယ်မှ အမျိုးသမီးတဦးက ပြောပါတယ်။
အခုထွက်လာတဲ့သူတွေဟာ နိုင်ငံရေးအခြေအနေကြောင့် ထွက်လာတဲ့သူတွေဖြစ်ကြပြီး အာဏာပိုင်တွေအနေနဲ့ ပြဿနာတခုလို့ မမြင်ဘဲ မြန်မာပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံအတွင်းက အဆင်ပြေတဲ့နေရာမှာ အသုံးချပေးရင် အားလုံးအတွက် အဆင်ပြေစေမယ်လို့ ဆိုပါတယ်။
အခုထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့သူတွေထဲမှာ အသက်အရွယ်အားဖြင့် အသက် ၁၈ နှစ်အထက် ခေတ်ပညာတက် လူငယ်လူရွယ်တွေ ဖြစ်ကြပြီး သူတို့အားလုံးက ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်မရှိတာနဲ့ စစ်မှုမထမ်းချင်တဲ့ အခြေအနေတွေကြောင့် နိုင်ငံကနေ ထွက်ခွာရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို တရားဝင်လမ်းကြောင်းကနေ သွားရောက်အလုပ်လုပ်ကိုင်မယ်ဆိုရင် အလုပ်သမားစေလွှတ်ခွင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေကနေတဆင့် နှစ်နိုင်ငံသဘောတူညီချက် MOU လမ်းကြောင်းကနေ စေလွှတ်ရတာပါ။
ထိုင်းနိုင်ငံဘက်ကို သွားရောက်တဲ့သူတွေဟာ ရနောင်း၊ တာချီလိတ်၊ မဲဆောက် လမ်းကြောင်းကနေတဆင့် ဝင်ရောက်နေကြတာရှိသလို တချို့ကျတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေတာလည်း ရှိနေတာ ဖြစ်ပါတယ်။
တဖက်မှာလည်း နိုင်ငံတွင်းမှာ ပဋိပက္ခနဲ့ စစ်ရေးအခြေအနေတွေကြောင့် မြန်မာလူထုတွေဟာ အိမ်နီးချင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြသူများ ရှိနေသလို တချို့ကျတော့ ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ဝင်ရောက်ခိုလှုံသူတွေကလည်း အခုသီတင်းပတ်အတွင်းမှာ များလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ စောနန္ဒဆူးက ပြောပါတယ်။
“စစ်မှုထမ်းဥပဒေ ပေါ်လာပြီးနောက်မှာ ထွက်လာတဲ့သူတွေ ထပ်တိုးလာတယ်၊ နယ်စပ်က စခန်းတွေမှာ မိသားစုလိုက် ထွက်လာတာရှိတယ်၊ တချို့ကျတော့ ဟိုဘက်ကို သွားဖို့ပဲ အခြေအနေအရ မသွားဖြစ်တော့လို့ ဒီမှာပဲ နေကြတာပေါ့” လို့ သူက ပြောပါတယ်။
နိုင်ငံကနေ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ၊ အိမ်နီးချင်းနိုင်ဘက်ကို သွားရောက်ကြတဲ့သူတွေကို သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ကူညီဖေးမမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်သလို နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့လည်း ကြားဝင်ကူညီဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ တရားဝင်စနစ် MOU လာရောက်ကြတဲ့ အလုပ်သမားအတွေအပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဒဿမ ၈ သန်းရှိပြီး တရားဝင်နည်းလမ်းနဲ့ အလုပ်လုပ်ကိုင်နေသူက သုံးသန်းကျော်ရှိတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေတဲ့အဖွဲ့တွေထံကနေ သိရပါတယ်။
“သူတို့မှာလည်း အလုပ်သမား လိုအပ်ချက်တွေရှိနေတယ်၊ လုပ်ငန်းခွင်တွေလည်း ရှိနေတာ၊ စနစ်တကျနဲ့ လုပ်ပေးရင်ကောင်းမယ်၊ သူတို့တိုင်းပြည်အတွက်လည်း ဘာမှလည်း အကျိုးမယုတ်စေဘူးလေ၊ သူ့တို့အတွက်လည်း အကျိုးရှိသလို၊ ထွက်လာတဲ့သူတွေအတွက်လည်း အကျိုးရှိတယ်” ထားဝယ်သပိတ်ဦးဆောင်မှုကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
ဓာတ်ပုံ – Social Media