မြေပုံမြို့နယ်ရှိ တပ်စခန်းတခုကို စစ်ကောင်စီက ကိုယ်တိုင်မီးရှို့ထွက်ပြေး

ဖေဖော်ဝါရီ၊ ၁၈
 
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းက စစ်ကောင်စီစခန်းကုန်းတခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်မီးရှို့ ဖျက်ဆီးပြီး ဒီကနေ့ညနေပိုင်းမှာ အမ်းမြို့က နပခ ဌာနချုပ်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။
 
မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာရဲ့ အနောက်မြောက်ဘက် တမိုင်ခွဲလောက်အကွာမှာရှိတဲ့ ပွိုင့် ၄၀၂ နဲ့ ပွိုင့် ၄၀၈ စခန်းကုန်းတို့က စစ်ကောင်စီတပ်ဖွဲ့တွေဟာ စခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေ၊ လက်နက်ကြီးတွေ အပါအဝင် စခန်းကုန်းတခုလုံးကို မီးရှို့ဖျက်ဆီးသွားကြတာလို့ ဆိုပါတယ်။
 
ဟင်းခရော်ကျေးရွာဟာ မြေပုံမြို့နယ် အရှေ့ဘက် ၄၆ မိုင်ဝန်းကျင်အကွာက ကျေးရွာတရွာဖြစ်တယ်လို့ ဌာနဆိုင်ရာ မှတ်တမ်းတွေအရ သိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အဲဒီစခန်းကုန်းဟာ လက်ရှိအချိန်အထိ မီးဆက်လက် လောင်ကျွမ်းနေဆဲပဲလို့ AA က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
 
AA က ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်အတွင်း တောင်ကုန်းတခုပေါ်မှာ အရှိန်ပြင်းပြင်း မီးလောင်ကျွမ်းနေတဲ့ မြင်ကွင်းကို တွေ့ရပြီး အဲဒီနေရာမှာ ပေါက်ကွဲမှုတွေလည်း ရှိနေတာ တွေ့ရပါတယ်။
 
အဲဒီစခန်းမှာ အခြေချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမ်းမြို့ပေါ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခကို ရဟတ်ယာဉ်တွေနဲ့ ထွက်ပြေးတိမ်းရှောင်ကြတာလို့ AA က ဖော်ပြထားပါတယ်။
 
မြေပုံမြို့ပေါ်မှာရှိတဲ့ ဝန်ထမ်းတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့်ကတော့ ဖေဖော်ဝါရီ ၁၂ ရက်ကတည်းက မြို့ကို စွန့်ခွာသွားခဲ့တာပါ။
 
စစ်ကောင်စီ ရေတပ်စစ်ရေယာဉ်နဲ့ ကျောက်ဖြူမြို့ကို ခေါ်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီနောက်မှာတော့ မြေပုံမြို့ကို သိမ်းပိုက်လိုက်​ပြီလို့ AA က ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
 
ရက္ခိုင့်တပ်တော်ရဲ့ သုံးလတာ စစ်ဆင်ရေးအပြီးမှာ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ မြို့နယ်တွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ – AA Info Desk