မြောက်ခင်ရန်းကထွက်ပြေးလာသူတွေကိုကယ်ထုတ်ရင်း YPDFတပ်ဖွဲ့ဝင်တဖွဲ့မိုင်းထိ၊ခြေတဖက်ဆုံးရှုံး

ဖေဖော်ဝါရီ ၊ ၁၇

မကွေးတိုင်း ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေ ကို ကယ်ထုတ်ရင်းယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က အခြားအဆင့်အရာရှိတဦး မိုင်းထိလို့ ခြေတဖက်ဆုံးရှုံးသွားတယ်လို့ အဲဒီအဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ပြော  ပါတယ်။

အဲ့ဒီတပ်ဖွဲ့ဝင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရွာကနေ ထွက်ပြေးလာတဲ့ မြောက်ခင်ရန်းရွာခံတွေကို ကယ်ထုတ် ရင်းမိုင်းထိခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာသက်သာနေပေမယ့် ခြေတုတပ်ဆင်ဖို့ အလှူရှင်ရှာဖွေနေဆဲပဲလို့ ကိုယောလေးကပြောပါတယ်။

“သက်သာပါတယ်၊ခြေတုတပ်နိုင်ဖို့ အလှုရှင်ရှာနေပါတယ်ဗျ၊လက်ရှိတော့ တပ်ဖွဲ့ တပ်ထောက်မှာ တာဝန်ယူ နေပါတယ်၊ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်” လို့ သူကဆက်ပြောပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်းက ပျူစောထီးအင်အားကောင်းတဲ့ရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာကဒေသခံတွေ ဟာ ပြီး ခဲ့တဲ့နှစ် ဒီဇင်ဘာလ ကနေ အခုလလယ်ပိုင်းအထိ တော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ကာ ထွက်ပြေးခဲ့ကြပြီး စုစု ပေါင်း  သုံးရာကျော် လောက်ရှိပါပြီ။

အဲ့ဒီထွက်ပြေးလာသူတွေထဲက တရာလောက်ကတော့ YPDF ကိုချိတ်ဆက် ထွက်ပြေးလာကြတာကြောင့် သွား ရောက်ကူညီကယ်ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။

“အများစုကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ သက်ပြီးရွယ်အိုတွေပါ”လို့ ကိုယောလေးကပြောပြပါတယ်။

အာဏာမသိမ်းခင်က ပြည်ခိုင်ဖြိုးပါတီထောက်ခံသူအများစုရှိသလို NLD ပါတီထောက်ခံသူတွေလည်းရှိခဲ့တဲ့ မြောက်ခင်ရန်းရွာဟာ အာဏာသိမ်းပြီးနောက်ပျူစောထီးးရွာအဖြစ် အင်အားစုဆောင်းကာစစ်ကောင်စီက လက် နက်တပ်ဆင်မှုတွေလုပ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေရော ပျူစောထီးတွေပါရှိတဲ့ ဒေသတွင်းက ပျူစောထီးရွာတွေကို တော်လှန်ရေး အင်အားစုတွေကထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်ပိတ်ဆို့ထားတာ၊နှစ်ဖက်တိုက်ပွဲတွေဖြစ်ကြ တာမျိုးတွေကြောင့် ပျူစောထီးရွာခံတွေ ထွက်ပြေးကာ တော်လှန်ရေးအင်အားစုတွေ ဆီခိုလှုံကြတာတွေရှိနေတာပါ။

သူတို့ကိုကယ်ထုတ်ပေးရင်း တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းထိဒဏ်ရာရကြတာရှိသလို ထွက်ပြေးလာသူတွေထဲက တချို့လည်း မိုင်းထိလို့ သေဆုံးတာ၊ဒဏ်ရာရကြတာတွေရှိခဲ့ပါတယ်။ 

“သူတို့ရွာတွေပတ်လည်မှာ မိုင်းတွေထောင်ထားတာတွေရှိလို့ မိုင်းရှင်းရတာကြောင့် အခက်အခဲတွေရှိပါတယ်“ လို့ကိုယောလေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ရက်ကလည်း အသက် ၃၃နှစ်အရွယ် မြောက်ခင်ရန်းရွာခံအမျိုးသမီးတဦးဟာ ရွာထဲက ထွက်ပြေးလာချိန် တိုက်မိုင်းနင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာရကာ ဆေးကုသပေးဖို့ကြိုးစားနေချိန်မှာ သေဆုံး သွားတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူ ထွက်ပြေးတိမ်းရှောင်လာသူတွေထဲက အသက်ငါးဆယ်အရွယ်အမျိုးသမီးတဦးဟာလည်း မိုင်းနင်း မိပြီး ခြေတဖက်ဆုံးရှုံးခဲ့သေးတယ်လို့ YPDF က  ဒီကနေ့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက မြောက်ခင်ရန်းရွာ အဝင်အထွက်လမ်းတွေ တိုင်း မှာ နင်းမိုင်း၊တိုက်မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ အဲ့ဒီရွာကနေ ထွက် ပြေး လာသူတွေကပြောထားကြပါတယ်။

ထွက်ပြေးလာသူတချို့ကို မြို့နယ် ပအဖ၊ ပကဖနဲ့ ချိတ်ပြီး လွှဲပြောင်းပေးအပ်ထားသလို တချို့ကိုလည်း တပ်ဖွဲ့က ကူညီစောင့်ရှောက်ထားတယ်လို့ YPDF ဥက္ကဌ ကိုယောလေးကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းကတော့ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေက မြောက်ခင်ရန်းရွာကို သွား ရောက်တိုက်ခိုက်ကြရာမှာ တော်လှန်ရေးတပ်တွေဘက်ကအထိနာခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးခံလိုက်ရတဲ့ ယောဒေသကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင်နှစ်ဦးကိုတော့ မြောက်ခင်ရန်းရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲ့ဒီရွာထဲမှာပဲ အရှင်လတ်လတ် မီးရှို့သတ် ဖြတ်ခဲ့ကြပြီး ဒီဖြစ်စဉ်ရုပ်သံမှတ်တမ်းဟာလည်း အခုလအတွင်း လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။