စစ်ကောင်စီဖမ်းထားတဲ့ မနိုဘယ်အေး အပါအဝင် နှစ်ဦးပစ်သတ်ခံရတယ်လို့ မိသားစုဝင်ပြော

ဖေဖော်ဝါရီ၊ ၁၆
 
စစ်ကောင်စီ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေး အပါအဝင် နှစ်ဦးကို ဝေါတရားရုံးမှာရုံး ထုတ်ရမန်ယူပြီးအပြန်မှာ ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်တွေက DNA ကို ပြောပါတယ်။
 
“အသိတယောက်ကနေ ဆက်သွယ်လာတာ မင်းအမကတော့ ကျဆုံးသွားပြီ၊ မနေ့က အတည်ပြုပေးပါတယ်တဲ့၊ တရားရုံးထုတ်ပြီး အပြန်မှာပဲ ထွက်ပြေးလို့ဆိုပြီး ပစ်သတ်လိုက်တာ သေချာတယ်တဲ့” လို့ သတ်ဖြတ်ခံလိုက်ရတဲ့ မနိုဘယ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က DNA ကို ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားဟောင်း အသိုင်းအဝိုင်းကြား လူသိများတဲ့ မနိုဘယ်အေး အပါအဝင် အမျိုးသားတဦးနဲ့ ယာဉ်မောင်းတဦးတို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
 
အဲဒီနောက် ဖေဖော်ဝါရီ ၈ ရက်က ဝေါတရားရုံးမှာ ရုံးထုတ်ရမန်ရယူပြီးအပြန် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးမှာ မနိုဘယ်အေးနဲ့အတူ ဖမ်းဆီးခံရတဲ့ ကိုလေးခွင်းတို့နှစ်ဦး ထွက်ပြေးတယ်လို့ဆိုကာ စစ်တပ်က ပစ်ခတ်ခဲ့ပြီး ကိုလေးခွင်းကတော့ နေရာမှာပဲ သေဆုံးကြောင်း အတည်ပြုနိုင်တယ်လို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူက ပြောပါတယ်။
 
မနိုဘယ်အေးကတော့ အဲဒီနေ့က အခင်းဖြစ်နေရာမှာပဲ သေဆုံးမှု ရှိမရှိဆိုတာ အတည်မပြုနိုင်ဘဲ လက်ရှိမှာ သေဆုံးသွားပြီဆိုတဲ့အကြောင်းကိုသာ အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။
 
“အမကိုကျတော့ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လို သေဆုံးသွားလဲဆိုတာ အကြောင်းပြချက်ကို ကျွန်တော်တို့ဆီကို မရောက်ဘူးဗျ၊ သေသွားတာကို သိတယ်” လို့ ကိုထက်မြက်က ပြောပါတယ်။
 
အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတဲ့ ကိုလေးခွင်းရဲ့ ရုပ်အလောင်းကိုတော့ ဝေါဆေးရုံကို ပို့ကာ မိသားစုဝင်တွေကို အသိပေးခြင်းမရှိဘဲ စစ်ကောင်စီဘက်က အလောင်းဖျောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
မနိုဘယ်အေးတို့ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ သူတို့လိုက်ပါလာတဲ့ ကားပေါ်မှာ လက်နက်ခဲယမ်းတွေ စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။
 
မနိုဘယ်လ်အေးတို့ လိုက်ပါလာတဲ့ ကားပေါ်ကနေ နနွင်းအိတ်နဲ့ သယ်လာတဲ့ စနိုက်ပါသေနတ် တလက်၊ M 16 တလက်၊ ပစ္စတို တလက်၊ ကျည်အိမ်ငါးခု၊ ကျည်တောင့် ၂၉၀၀ တောင့်နဲ့ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
“အမက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာ ငြိမ်းချမ်းစွာလုပ်တဲ့ အလုပ်ကိုပဲ လုပ်တယ်လို့ သိထားတာ၊ ခုလိုမျိုး လက်နက်တွေကိစ္စတော့ လုပ်တဲ့လူမျိုး မဟုတ်ဘူး” လို့ လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့အပေါ် မောင်ဖြစ်တဲ့ ကိုထက်မြက်က တုံ့ပြန်ပါတယ်။
 
၁၉၉၆ ကျောင်းသားလှုပ်ရှားမှု ကစလို့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် မနိုဘယ်လ်အေးဟာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ဇာတိဖြစ်ပြီး ကိုလေးခွင်းကတော့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ဇာတိ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
 
မနိုဘယ်လ်အေးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နအဖစစ်အစိုးရလက်ထက် ၁၉၉၈ ခုနှစ်မှာ မိခင်ဖြစ်သူနဲ့အတူ ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခံခဲ့ရပြီး ရှစ်နှစ်အကြာမှာ ပြန်လွတ်မြောက်ခဲ့ပါတယ်။
 
ဒါ့အပြင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်း မတိုင်မှာ လောင်စာဆီဈေး တက်တဲ့အပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြရာမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ထပ်မံချမှတ်ခံရကာ ပြီးခဲ့တဲ့ ဒီချုပ်အစိုးရလက်ထက်မှာ ပြန်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မနိုဘယ်လ်အေး ထောင်ကနေ ပြန်လွတ်လာပြီးနောက် ကိုဗစ်ကာလမှာ လူမှုရေးလုပ်ငန်းတွေကို ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
“စစ်ဆေးမေးမြန်းဆဲ ကာလမှာပဲ လက်လွတ်စပယ်လုပ်ပြီးတော့ သေဆုံးလောက်တဲ့အထိ သတ်ဖြတ်တာက လူ့အခွင့်အရေး ချိုးဖောက်မှုတခု ဖြစ်တယ်၊ မိသားစုအနေနဲ့လည်း အရမ်းခံစားရတယ်၊ ဒါက မြန်မာပြည်သူတွေ အားလုံးအပေါ်ကို ခြိမ်းခြောက်နေတာ ဒီအတွက် တရားမျှတမှု ရချင်တယ်” လို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းက အကျဉ်းထောင်မှာ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အနိုင်ကျင့်စော်ကားတာတွေ ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ လုပ်ဆောင်လာတာတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။
 
အခုနှစ် တလခွဲအတွင်းမှာပဲ အကျဉ်းထောင်တွေမှာ ပုံစံအမျိုးမျိုးနဲ့ သေဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသားက ခုနစ်ဦးအထိ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ စာရင်းတွေအရ သိရပါတယ်။
 
“ဒီကိစ္စက နည်းနည်းလိုက်ရခက်တယ်၊ သိထားတာကြာပြီ၊ အခုတော့ မိသားစုဝင်ကိုယ်တိုင်က အတည်ပြုလိုက်တာပေါ့၊ ဘယ်နေ့မှာ သေသွားလဲကအစ နောက်ဆက်တွဲတော့ စုံစမ်းနေတုန်းပဲ၊ ပြီးတော့ ကိုလေးခွင်း မိသားစုနဲ့ အဆက်အသွယ်ရဖို့ လုပ်နေတုန်းပဲ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံထားရသူ (၂၆၁၁၃) ဦးရှိပြီး အဲဒီထဲက (၂၀၁၁၃) ဦးက ထိန်းသိမ်းခံရဆဲဖြစ်ကာ ၈၇၈၀ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
 
ဒါ့အပြင် အခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ ၁၅ ရက်အထိ နိုင်ငံတဝှမ်းမှာ စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး ၁၂ ဦး၊ အမျိုးသား ၅၇ ဦးရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media