ထရမ့်ထက်စာရင် မှန်းဆရ ပိုလွယ်တဲ့ ဘိုင်ဒန်ကိုပဲ အမေရိကန် သမ္မတအဖြစ် ရှိစေချင်တယ်လို့ ပူတင်ပြော

U.S. President Joe Biden and Russia’s President Vladimir Putin meet for the U.S.-Russia summit at Villa La Grange in Geneva, Switzerland, June 16, 2021. REUTERS/Denis Balibouse/Pool

ဖေဖော်ဝါရီ ၊ ၁၅

ဒေါ်နယ်လ်ထရမ့်နဲ့ ယှဉ်ရင် မှန်းဆရ ပိုလွယ်တဲ့ ဂျိုးဘိုင်ဒန်ကိုပဲ အမေရိကန် သမ္မတအဖြစ် ဆက်ရှိစေချင်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။

 ပြိုင်ဘက်အနေနဲ့ ယှဉ်ရမယ်ဆိုရင် အမေရိကန် သမ္မတ ရာထူးမှာ ဘိုင်ဒန် ရှိနေတာက ရုရှားအတွက် ပိုကောင်းတယ်လို့ ပူတင်က ပေဗယ်လ် ဇာရူဘင်နဲ့ အင်တာဗျူး အစီအစဉ်မှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။ အမေရိကန်မှာ နှစ်ကုန်ပိုင်းကျရင် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တုန်းကလိုပဲ ထရမ့်နဲ့ ဘိုင်ဒန် အားပြိုင်မှုမျိုး ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။

 ပူတင်ကတော့ သူဟာ အမေရိကန်မှာ ဘယ်သူ သမ္မတ ဖြစ်လာပါစေ၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးကို ပိုမို လိုလားတယ်လို့ ပြောပါတယ်။

 အမေရိကန်မှာ ဘယ်သူ့ကို ပိုသမ္မတဖြစ်စေချင်လဲလို့ မေးတဲ့အခါ ပူတင်က စဉ်းစားတာမျိုးတောင် မရှိဘဲ ဘိုင်ဒန်လို့ ဖြေခဲ့ပါတယ်။ ဘိုင်ဒန်ဟာ အတွေ့အကြုံ ပိုရင့်ပေမယ့် မှန်းဆရ ပိုလွယ်ကြောင်း၊ စာအုပ်ကြီးဆန်တဲ့ နိုင်ငံရေးသမား ဖြစ်ကြောင်း ပူတင်က မှတ်ချက် ပေးခဲ့ပါတယ်။

 ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန် ပြည်သူတွေက ယုံကြည်အပ်နှင်းတဲ့ ဘယ်သမ္မတနဲ့မဆို လက်တွဲသွားဖို့ လိုလားတယ်လို့လည်း ပူတင်က ဆက်ပြောပါတယ်။

 ဘိုင်ဒန်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော် စစ်ပြုမှုကို ဆန့်ကျင်တဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ တဖက်မှာတော့ ထရမ့်က ကတိကဝတ်နဲ့အညီ ကာကွယ်ရေးစရိတ် အပြည့်အဝ မသုံးတဲ့ NATO နိုင်ငံတွေကို ရုရှားကသာ ဝင်ရောက်တိုက်ခိုက်ရင် ထောက်ခံ အားပေးသွားမယ်လို့ ပြောဆိုခဲ့တဲ့ စကားကြောင့် NATO အဖွဲ့ထဲမှာ အကြီးအကျယ် ဂယက်ထနေစေခဲ့သူလည်း ဖြစ်ပါတယ်။

 Ref: Reuters