စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ထိုင်းဗီဇာလျှောက်သူတွေများလာ

ဖေဖော်ဝါရီ၊ ၁၃

အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မူထမ်းဥပဒေကိုစစ်ကောင်စီက အသက်သွင်းပြီးနောက် ရက် ပိုင်းအတွင်း ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူတွေပိုတိုးလာသလို ပြည်ပခရီးစဉ်လေယာဥ်လက်မှတ် ဝယ်ယူမှု တွေလည်း များလာတယ်လို့ အဲဒီလုပ်ငန်းဝန်ဆောင်မှုပေးနေသူတွေဆီကသိရပါတယ်။

 ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့မှာ ဒီရက်ထဲ ဗီဇာ လျှောက်ထားသူတွေအများအပြားရှိနေသလို ဗီဇာဝန်ဆောင်မှု ပေးနေရတဲ့ပမာဏလည်းများလာတယ်လို့ ကိုယ်တိုင်ဝန်ဆောင်မှုပေးနေသူတဦးကဆိုပါတယ်။

“နောက်ရက်တွေပိုတောင်များလာမယ်လို့ ခန့်မှန်းရတယ်၊အဓိကကတော့သိတဲ့အတိုင်း သတင်းတွေပွပြီး ရိုက် ခတ်မှုဖြစ်တာပေါ့”လို့ သူကပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံကို ပြေးဆွဲတဲ့လေယာဥ်လက်မှတ်ဝယ်ယူမှုတွေဟာလည်း ဒီရက်ထဲရုတ်တရက် မြင့်တက် လာတယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတချို့ဆီကသိရပါတယ်။

“လက်မှတ်ရောင်းအားကတော့များလာတယ်။ဒါပေမယ့် ရောင်းစရာခုံတွေက ကျန်နေပါသေးတယ်၊ လက်မှတ် ခလည်းအပြောင်းအလဲမရှိသေးဘူး၊အခုထိပြောတာ၊နောက်ရက်ကတော့မပြောတတ်ဘူး”လို့ ပြည်တွင်း၊ပြည်ပ လေယာဥ်မှတ်အရောင်းကိုယ်စားလှယ်တဦးကပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ပြီလို့ ဖေဖော်ဝါရီ ၁၀ရက်မှာ ကြေညာခဲ့ပြီးနောက် နိုင်ငံ တဝန်းမှာ အရပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးခံနေရတယ်ဆိုတဲ့ သတင်းတွေလည်းဆက်တိုက် ထွက်ပေါ်နေပါ တယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီးနောက် လူငယ်တွေကို ပြည် ပထွက်ခွင့်ပိတ် ပင်တာ၊တင်းကျပ်တာတွေလည်းရှိလာနိုင်တယ်ဆိုတဲ့ ရှုမြင်သုံးသပ်မှုတွေလည်းရှိနေတာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေဆိုရင် အသက်၁၈ကနေ ၂၇နှစ်အထိ၊အမျိုးသားဆိုရင် အသက်၁၈ ကနေ ၃၅နှစ်အထိစစ်မှုထမ်းဖို့အကျုံးဝင်ပြီး နယ်ပယ်အလိုက် ကျွမ်းကျင် ပညာရှင်တွေအဖြစ် သတ်မှတ်ခံရသူ တွေကတော့ အမျိုးသားဆိုရင် အသက် ၄၅နှစ်အထိ အမျိုးသမီးဆိုရင် အသက် ၃၈နှစ်အထိ အကျုံးဝင်တာ ဖြစ်ပါတယ်။

အဲ့ဒီဂယက်ကြောင့် သာမာန်အရပ်သားတွေကြား စိုးရိမ်မှုတွေမြင့်တက်လာပြီး ငွေကြေးတတ် နိုင်သူတချို့က အိမ်နီးချင်းထိုင်းနိုင်ငံမှာယာယီတိမ်းရှောင်ဖို့ ဗီဇာလျှောက်ထားမှုတွေများလာတာတွေ့ရတယ်လို့ အဲ့ဒီလုပ်ငန်း အတွက် ဝန်ဆောင်မှုပေးနေသူတွေကပြောပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးနဲ့ ထိုင်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြသူတွေကလည်း စစ်မှုထမ်းဥပဒေ ဂယက် ကြောင့် အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို လာရောက်နေထိုင်ဖို့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာရှိနေ သူတွေက စုံစမ်းမေးမြန်းမှုတွေရှိလာတယ်လို့ ဆိုကြပါတယ်။

“နှစ်လဗီဇာယူပြီး သက်တမ်းတိုးနေလို့ရတာမို့လို့၊အဲဒီဗီဇာလျှောက်သူများနေတာ၊ အရမ်းကြီးများနေပြီလို့ လည်း ပြောလို့မရဘူး၊အစမို့လို့သွေးပူပြီးလုပ်ကြတာမျိုးလည်းဖြစ်နိုင်တယ်”လို့ ဗီဇာနဲ့ပတ်စ်ပို့ ဝန်ဆောင်မှု ပေးနေသူ တ ဦးကပြောပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အင်အားစုဆောင်းမှု တွေကို သင်္ကြန်နှစ်သစ်ကူးကာလအပြီး လာမယ့်ဧပြီလအတွင်းစတင်မှာဖြစ်ကာ အပတ်စဉ်တခုကို လူဦးရေ ငါး ထောင်လောက်ခေါ်ယူဖို့ လျာထားတယ်လို့ ဘီဘီစီမြန်မာပိုင်းကို ဒီကနေ့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလို ခေါ်ယူစုဆောင်းထားတဲ့ တပ်သားသစ်တွေကို ရှေ့တန်းလွှတ်ဖို့လည်း ထည့်သွင်းစဉ်းစားချက် တွေရှိနေပြီး တဦးချင်းရဲ့ ကျွမ်းကျင်မှုတွေအပေါ် မူတည်စဉ်းစားမယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအရ အင်အားစုဆောင်းမှုတွေကို အကောင်အထည်ဖော်ဖို့ နောက်ထပ်ခြေလှမ်း တခုအနေနဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဒီကနေ့စတင်ဖွဲ့လိုက်ကြောင်း ကြေညာထားပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဟောင်းတွေကို စစ်ဖက်တာဝန်တွေဆက်ပြီးပေးနိုင်ဖို့ ပြဌာန်းထားတဲ့ နအဖ စစ်အစိုးရခေတ်က အရန်တပ်ဖွဲ့ဥပဒေကိုလည်း ဒီကနေ့စတင်အာဏာတည်ပြီလို့ ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ- ထိုင်းသံရုံးရှေ့မှာတွေ့ရတဲ့ ဗီဇာလျှောက်နေသူတချို့