ဇရပ်ကြီးက အရပ်သားတချို့ကို စစ်ကောင်စီ ဖမ်းဆီး

ဖေဖော်ဝါရီ ၊ ၁၃

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ အခုရက်ပိုင်းအတွင်းဒေသခံအရပ်သားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ရှိနေတယ်လို့ မြို့ခံတွေနဲ့ အကူအညီပေးနေသူတွေထံကနေ သိရပါတယ်။

“အဒေါ်ရဲ့သား မနေ့ညနေက အိမ်မှာ ရှိနေတုန်း စစ်သားတွေ ဝင်ခေါ်သွားတာ၊ ဘာဖြစ်လို့ ခေါ်လဲ အမတို့ မသိရဘူး၊ အဒေါ်ကလည်း ဘေးလွတ်ရာကို ထွက်ပြေးသွားပြီး သူ့သားက ထွက်ဖို့ ကျန်နေတာ” လို့ ဇရပ်ကြီးမြို့ခံတဦးက DNA ကို ပြောပါတယ်။

ဇရပ်ကြီးမြို့ ခြေလျင်တပ်ရင်း ခလရ (၇၃)၊ ရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်းအပါအဝင် စစ်ကောင်စီအခြေချတပ်စွဲထားတဲ့ စခန်းတွေကို ဖေဖော်ဝါရီလ ၇ ရက် မနက်အစောပိုင်းက တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ရက်ကြာထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးလေကြောင်းကနေ အဆက်မပြတ်အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဇရပ်ကြီးမြို့ခံအပါအဝင် ကျေးရွာတွေဘက်က အရပ်သား သောင်းချီက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်လုပ်ဆောင်နေသူတွေက ပြောဆိုထားပါတယ်။

အဲဒီထဲက အခြေအနေအကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ကျန်ရှိနေတဲ့ ဒေသခံတွေကို ဇရပ်ကြီးမြို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တွေထဲဝင်ရောက်ကာ ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

” အခုက မြို့ထဲမကဘူး၊ ရွာတွေဘက်မှာလည်း အဲဒီလိုမျိုး လိုက်ဖမ်းနေတာ ရှိတယ်၊ အခုဆို ဖမ်းခေါ်သွားတဲ့အထဲမှာ စစ်ရှောင်ဖို့ ထွက်ပြေးလာတဲ့ သူတွေရော၊ ဟိုအိမ်ထဲမှာ တွေ့တဲ့သူတွေရော အကုန်ဖမ်းခေါ်နေတာ” လို့ ဇရပ်ကြီးမြို့မှာ ကူညီကယ်ဆယ်ဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

အခုဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေဟာ အသက်အရွယ်အားဖြင့် အသက် ၁၈ နှစ်အထက် လူငယ်လူလတ်အပိုင်း အမျိုးသားအမျိုးသမီးတွေ ဖြစ်ကြပြီး ဖမ်းဆီးခံထားရတဲ့အရေအတွက်အတိအကျအတည်မပြုနိုင်ပေမဲ့ ဆယ်ဦးထက်မနည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ အခုလိုဖမ်းဆီးနေတာဟာ အရပ်သားတွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပါတယ်။

“ပေါ်တာဆွဲတာလား၊ စစ်မှုထမ်းဖို့လားမသိဘူး၊ ကြားနေတာတော့ စစ်ထဲဝင်ခိုင်းတာပဲ ကြားနေရတာ” လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဇရပ်ကြီးမြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီက အရွယ်ရောက်တဲ့ အမျိုးသားအမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာထားပါတယ်။

ဒါပေမဲ့ အခုစစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ သူတွေကို စစ်မှုထမ်းခိုင်းဖို့ ဟုတ်၊ မဟုတ်ကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်တာမရှိသေးပါဘူး။

“အမျိုးမျိုးပြောနေကြတာ၊ အကိုတို့လည်း သေချာမပြောတတ်ဘူး၊ ဖမ်းတာအမှန်ပဲ၊ ဘာကြောင့်ဖမ်းတာက ဖမ်းတဲ့သူတွေပဲ သိမှာပေါ့” လို့ ဇရပ်ကြီးမြို့မှာ ကူညီကယ်ဆယ်ဆောင်ရွက်ပေးခဲ့သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က ဘာကြောင့် အရပ်သားတွေကို ဖမ်းဆီးနေတာကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေပေမဲ့ စစ်တပ်ထောက်ခံတယ်လီဂရမ်တွေမှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူတွေကို ဖမ်းဆီးတာဖြစ်တယ်လို့ ဝါဒဖြန့်ပြောဆိုနေကြပါတယ်။

အခုလိုမျိုး ဖမ်းဆီးမှုတွေ ရှိနေတဲ့ကာလမှာ ဇရပ်ကြီးမြို့ပေါ်အပါအဝင် ကျေးရွာတွေဘက်မှာ ကျန်နေတဲ့ ဒေသခံတွေကို စစ်ကောင်စီဘက်က တောင်ငူမြို့ဘက်ကို ထွက်ခွာတိမ်းရှောင်ခွင့်မပေးတဲ့အတွက် ပိတ်မိနေတဲ့ ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလော ဇရပ်ကြီးမြို့ပေါ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိနေပေမဲ့ မြို့နေရာအများစုကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားသလို တော်လှန်ရေးအင်အားစုတွေဘက်က ရွာတွေဘက်မှာ ရှိနေသေးတဲ့အတွက် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်နေတာရှိတယ်လို့ ဆိုပါတယ်။

” တိုက်ပွဲမဖြစ်တာကြာပြီး စစ်သားတွေပဲ များတယ်၊ မြို့ထဲမှာလေ၊ ကရင်စစ်သားတွေကတော့ ရွာဘေးနားတွေမှာ ရှိသေးတယ်ထင်တယ်၊ သူတို့တွေ ပြန်ပစ်ကြမလားမသိဘူး” လို့ ဇရပ်ကြီးမြို့ကနေ တိမ်းရှောင်လာရင်း လမ်းခုလတ်တနေရာ ပိတ်မိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။