ဖေဖော်ဝါရီ၊ ၁၂
ရခိုင်ပြည်နယ်အတွင်း မြို့တွေကို တမြို့ပြီးတမြို့ ဆက်တိုက်သိမ်းပိုက်ခံနေရချိန် စစ်တွေအပါအဝင် တောင်ပိုင်းမြို့နယ်တွေအတွင်းမှ တပ်ထိပ်ပိုင်းအရာရှိအချို့နဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကို ရန်ကုန်၊ နေပြည်တော်တို့ဆီ ရွှေ့ပြောင်းပေးနေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
“အကုန်ရွေ့မယ်ကြားတယ်၊ ဒါပေမယ့် အခုက အရာရှိမိသားစုတွေကိုပဲ ရွေ့နေတာ၊ သာမာန်တပ်သားမိသားစုတွေကျတော့ မပြောင်းကြရသေးဘူး၊ ပြောင်းပေးမလားတောင် မသိပါဘူး၊ အငယ်တွေကို အသေခံခိုင်းပြီး အကြီးတွေ ထွက်ပြေးတာ” လို့ စစ်ကောင်စီတပ်မိသားစုတွေနဲ့ နီးစပ်တဲ့ စစ်တွေဒေသခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
စစ်တပ်အရာရှိ မိသားစုဝင်တွေကို အရပ်ဘက်လေယောဉ်တွေနဲ့ ရွှေ့ပြောင်းပေးနေတာဖြစ်ပြီး ခရီးစရိတ်အတွက် စစ်ကောင်စီတပ်သားတွေရဲ့ လစာထဲကနေ ဖြတ်တောက်တာတွေလည်း ရှိနေတယ်လို့ အဆိုပါနီးစပ်သူက ပြောပြပါတယ်။
“တလမှာ နှစ်သောင်းဆိုလားမသိဘူး၊ လစာတွေဖြတ်တယ်တဲ့၊ အဲလိုဖြတ်နေတာ တလ၊ နှစ်လရှိပြီ၊ ပြီးရင် အငယ်တွေရဲ့မိသားစုတွေကျတော့ အခုထိ ပြောင်းလည်း မပြောင်းရသေးဘူး၊ လစာကတော့ ဖြတ်ခံနေရတယ်” လို့ သူက ဆိုပါတယ်။
တိုက်ပွဲကာလသုံးလနီးပါးအတွင်း ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တောမြို့တို့ကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထားပြီး ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ)ရှိတဲ့ စစ်တွေမြို့နဲ့အနီးဆုံးနေရာတွေကိုပါ တိုက်ပွဲတွေ ရောက်လာနေတာပါ။
ဒါ့အပြင် ယခင်တိုက်ပွဲကာလတွေတုန်းက တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့တဲ့ ပြည်နယ်တောင်ပိုင်း တောင်ကုတ်၊ သံတွဲမြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပြီး စစ်ကောင်စီတပ်စစ်ကြောင်းအချို့ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ ရှိလာနေပါတယ်။
အဲဒီလိုအခြေအနေမှာ စစ်တွေအပြင် တောင်ကုတ်၊ သံတွဲမြို့နယ်တို့အတွင်းမှ စစ်ကောင်စီတပ်အရာရှိ မိသားစုတွေကိုလည်း ရွေ့ပြောင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“မြောက်ပိုင်းမှာ မြို့တွေမသိမ်းခင်ကတည်းက စပြောင်းနေကြတာ၊ အခုမြို့တွေပါ ခဏလေးနဲ့ သိမ်းလိုက်တော့ ဆက်တိုက်လိုပြောင်းနေတယ်၊ လေယာဉ်တွေနဲ့ စီးလုံးအပြည့်၊ အဲ့လို ပြောင်းပေးနေတာတွေ့တယ်” လို့ တောင်ကုတ်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ အခုလို တပ်အရာရှိတွေ၊ မိသားစုဝင်တွေကို ရွေ့ပြောင်းပေးနေတာဟာ တပ်ရင်းလိုက် လက်နက်ချ၊ အညံ့ခံတာတွေ မရှိအောင် လုပ်တာဖြစ်နိုင်တယ်လို့ လေ့လာသူတွေနဲ့ စစ်ကောင်စီတပ်အရာရှိဟောင်းတွေက သုံးသပ်ကြပါတယ်။
“မိသားစုရှိနေရင် ငဲ့ပြီး လက်နက်ချမှာစိုးလို့လေ၊ မိသားစုတွေကို ပြောင်းပေးပြီး အသေခံတိုက်ခိုင်းဖို့ လုပ်နေတာ၊ ဒါပေမယ့် တချို့တပ်မတော်သားတွေကတော့ သူတို့ရဲ့အထက်ကလူတွေအကြောင်း အမြင်မှန်ရလာကြပါပြီ” လို့ ရခိုင်ဒေသခံ စစ်တပ်အရာရှိဟောင်းတဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်နယ်မြို့တော် စစ်တွေမြို့က စစ်ကောင်စီဌာနဆိုင်ရာ အရာရှိကြီးတွေရဲ့ အိမ်စီးကားတွေနဲ့ ဌာနဆိုင်ရာ ကားတွေကိုလည်း ရန်ကုန်ကို ကုန်တင်သင်္ဘောတွေနဲ့ ရွှေ့ပြောင်းပို့ဆောင်နေတယ်လို့ ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ နရဥ္စရာက မကြာသေးခင်က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကတည်းက စခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေဟာ ပြည်နယ်မြောက်ပိုင်း၊ အလယ်ပိုင်းတခုလုံးနဲ့ တောင်ပိုင်းမြို့နယ်တွေအထိ ကျယ်ပြန်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ရှိလာခဲ့တာပါ။
လက်ရှိမှာ AA ဟာ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော မြို့တို့ကို သိမ်းပိုက်ထားပြီး ရသေ့တောင်နဲ့ ရမ်းဗြဲမြို့တို့မှာလည်း မြို့သိမ်းနိုင်ရေး ထိုးစစ်တွေ လုပ်နေပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် တပ်ရင်းလိုက် လက်နက်ချတာတွေ ရှိခဲ့သလို အပြင်းအထန် တိုက်ခိုက်ခံရပြီးနောက် အထိနာလို့ လက်နက်ချတာတွေလည်း ရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောထားကြပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ ကျောက်ဖြူ၊ မြေပုံ မြို့နယ်တို့မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဓာတ်ပုံ – Narinjara
ပုံစာ – ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စစ်အောင်စီ ဌာနဆိုင်ရာ အရာရှိကြီးတွေနဲ့ ကားတွေ၊ ဌာနဆိုင်ရာ ကားတွေကို ကုန်တင်သင်္ဘောနဲ့ ရွှေ့ပြောင်းနေကြစဥ်။