ပလက်ဝမြို့ကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်၊ ကလေးတဦးသေဆုံး

ဖေဖော်ဝါရီ၊ ၁၁
 
ရခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့ကို စစ်ကောင်စီက ဒီကနေ့ ညနေ ငါးနာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့သလို စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ကလေးတဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ AA က ထုတ်ပြန်ပါတယ်။
 
ပလက်ဝက နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းကို AA က သိမ်းပိုက်ခဲ့ပြီးနောက် တလဝန်းကျင်အကြာမှာ စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြန်လုပ်လာတာ ဖြစ်ပါတယ်။
 
ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကလေးတဦး သေဆုံးပြီး တဦးဒဏ်ရာရတယ်လို့ AA က ကနဦးထုတ်ပြန်အသိပေးထားတာဖြစ်ပြီး နောက်ထပ်သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
 
ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ တကျော့ပြန် ထိုးစစ်တွေ ပြန်လည်ဖော်ဆောင်ခဲ့တဲ့ နိုဝင်ဘာ ၁၃ရက် ကစလို့ ပလက်ဝဒေသက စစ်ကောင်စီရဲ့ ဗျူဟာကုန်းနှစ်ခုကိုလည်း စတင်ထိုးစစ်ဆင်ခဲ့ပြီး အခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာတော့ အဲဒီမြို့နယ်အတွင်း နောက်ဆုံးကျန်နေတဲ့ နှမဒါဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။
 
ပလက်ဝမြို့နယ်ထဲက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးထိခိုက်တာ၊ အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ထွက်ပြေးရတာတွေ ရှိခဲ့သလို AA ဆီလက်နက်ချခဲ့ရသူတွေလည်း ရာဂဏန်းလောက် ရှိခဲ့ပါတယ်။
 
ပလက်ဝကို လက်လွှတ်ခဲ့ရပြီးနောက် ရခိုင်ပြည်နယ်အတွင်း AA ရဲ့ ထိုးစစ်ဆင်ကိုသာ ခုခံနေခဲ့ရတဲ့ စစ်ကောင်စီဟာ ဒီကနေ့ ပလက်ဝကို တလနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း လက်လွှတ်ခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်းက ရွှေပြည်အေး၊ ခမ်းပတ်၊ ကောလင်း စတဲ့မြို့တွေကိုလည်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်တာမျိုးတွေ လုပ်ခဲ့ပြီး ရွှေပြည်အေး နဲ့ ခမ်းပတ် ကနေ တပ်ပြန်ဆုတ်ခဲ့ရပေမယ့် ကောလင်းမှာတော့ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။
 
ဓာတ်ပုံ – စစ်ကောင်စီ