စစ်​​ရေးအခြေအနေကြောင့် မောင်တောမှ UN အပါအဝင် အဖွဲ့အစည်းတွေထွက်ခွာ

ဖေဖော်ဝါရီ၊ ၁၁
 
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မောင်တောမြို့နယ်မှာ UN၊ INGO နဲ့ NGO အဖွဲ့အစည်းအများစု ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ ထွက်ခွါသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
 
မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရခိုင့်တပ်တော် (AA)က ထိုးစစ်ဆင်နေခဲ့တာပါ။ စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခုခံမူတွေ ဆက်တိုက်ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
အဲဒီလို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် UN အပါအဝင် INGO နဲ့ NGO အဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာ အဆောက်အဦးတွေရဲ့ ခေါင်မိုးတွေမှာ လိုဂိုအမှတ်အသား တံဆိပ်၊ သက်ဆိုင်ရာအလံတွေကို လွင့်ထူပြီး ကာကွယ်မှုများ ပြုလုပ်ထားခဲ့ကြတာပါ။
 
လက်ရှိအချိန်မှာတော့ စစ်ရေးတင်းမာမှုနဲ့ လုံခြုံရေးအနေအထားအရ အဆိုပါအဖွဲ့အစည်းများမှာ ထွက်ခွာသွားတာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။
 
ကုလလက်အောက်ခံ အဖွဲ့အစည်းများအပြင် တခြား INGO အဖွဲ့အများအပြားမှာ မောင်တောဒေသမှ ထွက်ခွာသွားပြီလို့လည်း ဒေသတွင်းသတင်းရင်းမြစ်တဦးက ဆိုပါတယ်။
 
“ဘူးသီတောင်က စစ်တွေကို ရှပ်ပြေး (အမြန်ယာဥ်)နဲ့ ရန်ကုန်ကတော့ လေယာဥ်ပေါ့” လို့ ဒေသခံက ပြောပါတယ်။
 
ဒါ့အပြင် စစ်​​တွေအပါအဝင် ရခိုင်​ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ INGO ရုံး​တွေ အများအ​ပြားဟာလည်း ရန်ကုန်ကို ပြောင်းရွှေ့တာတွေ ရှိတယ်လို့ သိရပါတယ်။
 
ရခိုင့်တပ်တော် (AA)ဟာ မောင်တောမြို့နယ် တောင်ပြိုဒေသတခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကြိမ်ချောင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်းကို လတ်တလောမှာ ထိုးစစ်ဆင်နေတာပါ။
 
လက်တ​လော မောင်တောဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ​ကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media