စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့အပေါ် သူတို့အမြင်

ဖေဖော်ဝါရီ၊ ၁၁
 
အသက် ၁၈နှစ်ပြည့်တဲ့ အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းဖို့ပြဌာန်းထားတဲ့ နအဖ စစ်အစိုးရလက်ထက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက စတင်အသက်သွင်းလိုက်ပါတယ်။
 
နအဖ စစ်အစိုးရခေတ် ၂၀၁၀ ခုနှစ်မှာ ရေးဆွဲအတည်ပြုခဲ့တဲ့ အဲဒီစစ်မှုထမ်းဥပဒေဟာ မနေ့က စတင်အာဏာတည်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်တာပါ။
 
အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုတွေကြောင့် အင်အားဆုတ်ယုတ်လာပြီး စစ်မျက်နှာတွေ အများအပြား ဖွင့်ထားရတဲ့ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်နဲ့ ရခိုင်မှာ တိုက်ခိုက်ရေးအင်အား ထောင်၊ သောင်းချီ လျော့နည်းခဲ့တဲ့နောက် စစ်မှုထမ်းဥပဒေကို အသက်သွင်းလာတာပါ။
 
အဲဒီဥပဒေကို အသက်သွင်းလိုက်တာနဲ့ပတ်သက်လို့ အရပ်သား၊ CDM စစ်သား၊ တော်လှန်ရေး တပ်ဖွဲ့ဝင်တချို့နဲ့ လက်ရှိ စစ်ကောင်စီ တပ်တွင်းတပ်မိသားစုဝင်တချို့ရဲ့ သဘောထားအမြင်တွေကို DNA က စုစည်းဖော်ပြထားပါတယ်။
 
🔸မန္တလေးတိုင်းအခြေစိုက် တပ်ရင်းတခုက အရာခံဗိုလ်တဦးရဲ့ဇနီး၊ သားသမီးသုံးဦးရဲ့မိခင်
 
မအလက နေရာတိုင်းစစ်ရှုံးနေလို့ အခုလိုလုပ်တာလို့ပဲ မြင်တယ်၊ ပြည်သူကလည်း မထောက်ခံဘူး၊ စစ်ထဲဝင်မယ့်သူလည်း မရှိတော့ဘူးလေ၊ တပ်ထဲမှာလည်း လူမရှိတော့ဘူး၊ လိုင်းခန်းအလွတ်တွေမှ အများကြီး၊ အဲလိုမှ (စစ်မှုထမ်းဥပဒေ)မလုပ်ရင်လည်း စစ်သားဆိုတာ အရုပ်ဆွဲပြရတော့မယ်၊ ဘာအကျိုးဆက်ဖြစ်မလဲဆိုတာတော့ နားမလည်ပါဘူး၊ ပြောလည်း မပြောတတ်ဘူး၊ မိဘတယောက်အနေနဲ့တော့ စိုးရိမ်တယ်၊ ငွေမပေးနိုင်တဲ့ အောက်ခြေလူတန်းစားအတွက် စိုးရိမ်တာပါ၊ ပိုက်ဆံရှိတဲ့ သား၊ သမီးကတော့ ဆေးကျအောင်လုပ်ပြီး ရှောင်ကြမှာပဲ၊ အခု တပ်ထဲမှာ ဆေးကျအောင် ငွေပေးလုပ်သလို လုပ်ကြမှာ သေချာတယ်၊ ကျွန်မကတော့ ယောက်ျားတောင် တပ်ထဲက ပြန်ထုတ်မရလို့ သား၊ သမီးအထိ ကျွန်မခံနိုင်ဘူး၊ မအလကောင်းဖို့အတွက် တနိုင်ငံလုံးက သေပေးရမှာလား၊ ကျွန်မသမီးဆို သီလရှင်ဝတ်ရမလားအမေဆိုပြီး မေးနေတော့ စိတ်ထိခိုက်ရတယ်၊ သမီးက သူ့မောင်နှစ်ယောက်ကို စိုးရိမ်နေတာ၊ အမဆိုတော့၊ သေနတ်ပြောင်းလှည့်တာ၊ မလှည့်တာတော့ မပြောတတ်ဘူး၊ တပ်ထဲမှာ အဲလိုက မလွယ်ဘူးလို့ ထင်တာပဲ။ တပ်ပြေးလုပ်ရင်လုပ်၊ စီဒီအမ်လုပ်ရင်လုပ် အဲဒါပိုလွယ်တယ်ထင်တယ်၊ ကျွန်မတို့တပ်က တပ်ပြေးတွေ၊ စီဒီအမ်တွေ ရှိတယ်။
 
🔸ကိုမာဝီ (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ်)
 
ဒီဥပဒေပြဌာန်းလိုက်တာသည် စစ်ကောင်စီက နောက်ဆုံးထွက်သက်ကို ပြည်သူလူထုတွေကိုပါ ဆွဲချခေါ်သွားချင်တဲ့ ပုံစံမျိုးလို့ ကျွန်တော်တို့က ရှုမြင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ပြည်သူလူထု လူငယ်လူရွယ်မောင်မယ် တွေကတော့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ ပူးပေါင်းပြီးတော့မှ ဒီအကြမ်းဖက်စစ်ကောင်စီကို အင်တိုက်အားတိုက်အမြန်ဆုံး ပြန်လည်တိုက်ခိုက်ချေမှုန်းတဲ့ဟာမျိုး နည်းလမ်းပေါင်းစုံကပေါ့လေ၊ လက်နက်ကိုင်လမ်းစဉ် မဟုတ်ဘဲနဲ့ အခြားသောလမ်းစဉ်တွေလည်း အများကြီး ရှိသေးတာကိုးနော်၊ ဆိုတော့ အဲ့လိုမျိုး ပါဝင်ပြီးတော့မှ အင်တိုက်အားတိုက်လုပ်လိုက်ဖို့၊ ချေမှုန်းလိုက်ဖို့၊ အနိုင်ယူလိုက်ဖို့ ဆိုတာမျိုးကို ပိုပြီးတော့မှ တိုက်တွန်းလိုတယ်။ တွန်းအားပေးလိုတယ်။ အချို့လည်း အလွဲအမှား တွေးနေတာတွေ ရှိတယ်။ ပြေးလို့မလွတ်ဘူးဆိုရင် (စစ်တပ်ထဲ)ဝင်သွားလိုက်မယ်၊ ဖရဲသီးလုပ်လိုက်မယ်၊ အဲဒီစစ်တပ်ထဲမှာ နေလိုက်ပြီးတော့မှ ဘယ်လိုပြန်လုပ်မယ်ဆိုပြီး ပြောကြတာတွေ ရှိတယ်၊ အဲ့ဒါက အဲ့လောက် လွယ်လွယ်တွေးလို့ရတဲ့ ကိစ္စမဟုတ်ဘူးပေါ့လေနော်၊ ဆိုတော့ တကယ့်ကို လက်တွေ့ကျတဲ့ဟာမျိုးကို ကျွန်တော်တို့ စဉ်းစားကြစေချင်ပါတယ်။
 
🔸ရခိုင်ဒေသခံ အိမ်ထောင်ရှင် အမျိုးသမီးတဦး
(အသက်သုံးဆယ်အရွယ် ခင်ပွန်းနဲ့ ၂၅ နှစ်အရွယ် မောင်ဖြစ်သူအတွက် စိုးရိမ်နေသူ)
 
ဒီလိုဥပဒေထုတ်တာက တကယ်လုပ်တော့မလို့ ထုတ်တာထင်တယ်။ တကယ် စစ်တပ်ထဲ ၀င်ရတော့မယ့်ပုံစံပေါ့။ ရခိုင်မှာက မြောက်ပိုင်းတွေမှာကတော့ စစ်သားတွေ ထိန်းချုပ်နိုင်တာ သိပ်မရှိတော့ သိပ်စိုးရိမ်ဖို့ မလိုဘူး။ တောင်ပိုင်းက စိုးရိမ်ရတယ်လေ။ ဥပဒေထွက်လာတော့ လန့်သွားတယ်။ ကိုယ်တွေ အမျိုးသမီးတွေ ချက်ချင်းတပ်ထဲမ၀င်ရလောက်ပေမယ့် ကိုယ့်ယောကျာ်း ကိုယ့်မောင်တွေ ပါသွားမှာ စိုးတယ်။ ရှေ့တန်းတွေကိုပဲ တန်းပို့မလား၊ စစ်သားမဟုတ်ဘဲနဲ့ စစ်တပ်ထဲ ပို့ခံရရင် အကုန်သေကုန်မယ်လေ၊ အသေခံခိုင်းဖို့ လုပ်နေသလိုပဲ။ ဘယ်အချိန် မုဆိုးမဖြစ်ကျန်ခဲ့မလဲ ကြောက်နေရမယ်၊ ဘယ်လိုပုံစံနဲ့ ထမ်းခိုင်းမလဲတော့ မသိဘူး၊ တရွာက ဘယ်နှစ်ယောက် အဲလို တောင်းမလားမသိ၊ ရခိုင်မှာဆိုရင် အဖမ်းခံထားရတဲ့လူတွေလည်း ရှိတယ်လေ၊ သူတို့ကိုပဲ ပြန်မလွှတ်ပေးဘဲ စစ်တပ်ထဲ ပို့မလားမသိဘူး။ စစ်တပ်ထဲ ရောက်သွားရင် သူတို့ (စစ်တပ်)ကို ပြန်တိုက်ဖို့ဆိုတာက မလွယ်လောက်ဘူးလေ။ တွေ့အကြုံလည်း ရှိတာမဟုတ်ဘူး။
 
🔸ကိုလင်းနွေ (ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၀) တာဝန်ခံ)
 
ဘာလို့ အသက်သွင်းလဲဆိုရင် ဒီကာလမှာပေါ့ ရန်သူအင်အားက တော်တော်ကိုချိနဲ့နေပြီဗျာ၊ အဓိကက လူထုကို ပိုကျပ်တည်းသွားအောင် လုပ်တာလို့ မြင်တယ်၊ တကယ်အသက်သွင်းတယ်ဆိုရင် ကိုယ့်အချင်းချင်း ကိုယ်ပြန်တိုက်ရတော့မယ်၊ ကိုယ့်အိုးစည်းစိမ် မိသားစုကို မစွန့်ခွာပဲ တောထဲ ခြေစုံပစ်မဝင်ရဲတဲ့သူတွေကလည်း နီးရာဓားကြောက် ရမှာပဲ၊ အဲအခြေအနေကျတော့ အိမ်ကြက်ချင်း အိုးမဲသုတ်ခိုင်းပြီး ခွပ်ခိုင်းတဲ့ သဘောပေါ့၊ အဲ့လိုပုံစံဖြစ်တယ်၊ ပြီး တော့ ၂၀၂၃ မှာ သူတို့အင်အားက သိသိသာသာ ချိနဲ့လာတဲ့အတွက် ဖြည့်တင်းဖို့လို့ မြင်တယ်။
 
ဒီဥပဒေကြောင့် အချိုးအကွေ့က ဖြစ်ချင်ဖြစ်သွားနိုင်တယ်ဗျာ၊ အကျိုးဆက်အနေနဲ့ မြို့နေလူတန်းစားထဲကမှ ကျောမွဲလူတန်းစားနဲ့ အလယ်လတ်တန်းစားလူတွေ အကျပ်ရိုက်သွားမှာပေါ့၊ ပိုက်ဆံရှိလူတန်းစားက ပိုက်ဆံပေးရင် ကင်းလွတ်မှာပဲ၊ ဒီဥပဒေကို တရားဝင် အတည်ပြုတော့မယ်ဆိုတာ ကျွန်တော်တို့ အရင်နေ့ကတည်းက ကြားနေရတယ်ဗျာ၊ ရန်ကုန်က တချို့ရပ်ကွက်တွေမှာလည်း သူတို့အဝန်းအဝိုင်းထဲမှာ တဆင့်စကား တဆင့်နားနဲ့ ကြား နေရတယ်။ ပိုက်ဆံပေးရင် ကင်းလွတ်မယ်ဆိုတဲ့အထိပါ ကြားနေရတယ်၊ လူတွေကလည်း ဒီသတင်းကြားပြီးတဲ့နောက် ထင်ကြေးအမျိုးမျိုး ပေးလာတယ်၊ သူတိူ့ စိတ်မပိုင်းဖြတ်ထားရင်တော့ ရန်သူဘက်လှည့် သေနတ်ပြောင်း ချိန်ဖို့က မဖြစ်နိုင်ဘူး၊ သေချာစဉ်းစားပြီး လုပ်ဖို့ကို မျှော်လင့်တယ်၊ ပြည်သူတွေအနေနဲ့။ ကျွန်တော့်အနေနဲ့ ဘာလုပ်ပါ ဘာလုပ်ပါ ပြောမှာ မဟုတ်ဘူး၊ စိတ်ပိုင်းဖြတ်ပြီး ကျွန်တော်တို့ဆီ လာရင် ကြိုဆိုနေမယ်။
 
🔸ABSDF တပ်မဟာ(၁)သထုံ တပ်ဖွဲ့ဝင်တဦး
 
စကစဟာ အဆမတန်ပြုန်းတီးလာတဲ့ သူ့အင်အားကို တရားဝင်ဖြည့်တင်းနိုင်ဖို့ ကြိုးစားလာတာလို့ မြင်တယ်၊ ရခိုင်အရေး ရှမ်းမြောက်အရေးတွေကြောင့် တုန်လှုပ်ခြောက်ခြားနေတဲ့ သူတို့စစ်သားတွေကို အားတက်အောင်လုပ်တဲ့ ဖြစ်စဉ်တခုလို့ မြင်တယ်၊ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ အချိုးအကွေ့ကြီးတခု ဖြစ်လာမှာ သေချာတယ်၊ နွေဦးတော်လှန်ရေး အစမှာ စစ်သင်တန်းတက်ပြီး မြို့ပေါ်တွေမှာ စောင့်ဆိုင်းနေထိုင်နေကြတဲ့ သိန်းနဲ့ချီတဲ့ လူငယ်တွေဟာ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေဆီ သေချာပေါက်ပြန်ဝင်လာကြတော့မယ်၊ CDM မဟုတ်ဘဲ ကျန်ခဲ့တဲ့ ဟိုလိုလို ဒီလိုလို non CDM တွေ တဖန်ပြန်ရောက်လာမယ်၊ မတရားမှုဟာ ကိုယ့်အိမ်တံခါးကို လာခေါက်ပြီဆိုတာနဲ့ လူငယ်တွေ တော်လှန်ရေးအပေါ် အာရုံပြန်စိုက်လာမယ်၊ တဖက်ဖက်ကို မဖြစ်မနေ ရွေးရတော့မယ့်သူတွေဟာလည်း တရားတဲ့ဘက်ကိုသာ ရဲရဲရွေးချယ်လာကြတော့မယ်၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ဒီဥပဒေကြောင့် ကိုယ့်ဘက် ပြိုဆင်းလာမယ့်သူတွေအတွက် အဆင်သင့်ကြိုတင်ပြင်ဆင်ထားကြပြီး ဖြစ်တယ်။ သူတို့ပေးတဲ့ သေနတ်နဲ့ သူတို့ဘက်ပြန်လှည့်ကြတာပေါ့ဆိုတဲ့ အတွေးတွေနဲ့ သူတို့ပေးတဲ့ လက်နက်ကိုယူပြီးမှ ထွက်ပြေးလာကြမယ်ဆိုတဲ့ အတွေးတွေကတော့ သိပ်ကိုပေါ့ပေါ့ဆဆတွက်ဆလွန်းရာကျပါတယ်၊ သူတို့ကိုယ်တိုင် ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေ ပျူစောထီးတွေကိုတောင် ယုံယုံကြည်ကြည်နဲ့လက်နက် အပြည့်အဝတပ်ဆင်ပေးကြတာ မဟုတ်ဘူး၊ အခုမှဝင်လာမယ့် ပြည်သူကို စစ်ကောင်စီက ယုံကြည်မှာမဟုတ်ဘူး။ လက်နက်ခဲယမ်း သယ်ဆောင်ထမ်းပိုးမယ့် ပေါ်တာအဆင့်နဲ့ ရှေ့က အသေခံဒိုင်းကာလုပ်ခိုင်းမယ့်သဘောပဲ၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်ကို ရွေးပြီး ကျွန်တော်တို့ဆီ လာရင်တော့ အပြုံးနဲ့ကြိုနေကြမှာဖြစ်ပြီး ရန်သူ့ဘက်တော်သား ရန်သူ့လက်နက်ကိုင်အနေနဲ့ လာရင်တော့ ရန်သူအဖြစ်သတ်မှတ်ပြီး လက်နက်နဲ့သာ စောင့်ကြိုနေမှာဖြစ်တယ်။
 
🔸ဗိုလ်ကြီးလင်းထက်အောင် (CDM စစ်သား)
 
ဒီစစ်မှုထမ်းဥပဒေသည် သူတို့ရဲ့လျော့နည်းလာတဲ့ စစ်သားဦးရေကို ပြန်လည်ဖြည့်တင်းချင်တဲ့အချက်ကြောင့်လုပ်တာဖြစ်တယ်။ နောက်ပြီးတော့ သူတို့မှာ စစ်တိုက်မယ့်စစ်သား မရှိတော့လို့ လုပ်တာဖြစ်တယ်၊ နောက်ပြီးတော့ ရန်သူ့နယ်မြေတွေကို ထိုးဖောက်ဝင်ရောက်တဲ့ အခါမှာ သူတို့စစ်နည်းဗျူဟာတခုအဖြစ် ဒီလူတွေကို အသုံးချချင်တဲ့ ကဏ္ဍတွေကြောင့် ဒီစစ်မှုထမ်းဥပဒေကို အသုံးပြုလာတာလို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။
 
သေချာတာတခုကတော့ စစ်တပ်ဘက်ကလည်း ဒါကိုပြီးပြီးရောပုံစံနဲ့ လုပ်မှာမဟုတ်ဘူး၊ နောက်ပြီးတော့ ရန်သူ့လက်နက်နဲ့ ရန်သူကို ပြန်လုပ်မယ်ဆိုတာက စစ်တပ်ထဲရောက်ရင် လွယ်ကူမယ်လို့တော့ မထင်ဘူး၊ ဥပမာပေါ့ ဝင်လာတဲ့သူတွေကို တစုတစည်းတည်း မဟုတ်ဘဲနဲ့ သူတို့ရဲ့လူတွေကြားထဲမှာ လူစုခွဲလိုက်တဲ့ပုံစံမျိုး၊ သို့မဟုတ် လက်နက်ပေးမကိုင်တဲ့ ပုံစံမျိုး၊ဒါမှမဟုတ် သူတို့ရဲ့လိုအပ်တဲ့ လူ့စွမ်းအားရင်းမြစ်တွေအတွက် အသုံးချမယ့်နေရာတွေမှာ အသုံးချမှာက ပိုပြီးတော့များတယ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်။
 
🔸ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ အသက်သုံးဆယ်အရွယ် မလှိုင်ဒေသခံ အမျိုးသားတဦး
 
 
ကျွန်တော်ကတော့ ဒီအတိုင်းတော့ ငုံ့မခံနိုင်ဘူး၊ သူငယ်ချင်းတွေ PDF တွေ ရှိတယ်၊ အဲဒီသွားမှာ၊ အာဏာသိမ်းကတည်းက ဒင်းတို့ကို မကျေနပ်တာ၊ ဆန္ဒပြပွဲတွေမှာ ပါခဲ့တာ၊ မိသားစုအခြေအနေအရ ကျွန်တော့်မှာ တော်လှန်ရေးလုပ်ဖို့ အခြေအနေမပေးဘူး၊ အခုက ကျွန်တော်တို့ကို (တော်လှန်ရေးလုပ်ဖို့) တွန်းပို့နေသလို ဖြစ်နေတယ်။
 
🔸မနန်းမို့မို့ – အထွေထွေအတွင်းရေးမှူး၊ WLB (အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ))
 
စစ်မှုမထမ်းမနေရ ဥပဒေကို ဘာလို့ အသက်သွင်းလိုက်တာလဲဆိုတော့ နွေဉီးတော်လှန်ရေး သုံးနှစ်တာကာလအတွင်းမှာ အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျဆုံးတာတွေ အများကြီးရှိတာ တွေ့ရတယ်။ ထွက်ပြေးသွားတာတွေလည်း ရှိတယ်။ အာဏာဖီဆန်ရေး လမ်းစဉ်မှာ ပါလာတဲ့သူတွေလည်း ရှိတယ်ဆိုတော့ သူတို့ဆီမှာ တိုက်ရေးခိုက်ရေး ကျွမ်းကျင်တဲ့ လူဦးရေ နည်းလာပြီးတော့ အင်အားယိုင်နည်း လျော့နည်းသွားတာကို သိသိသာသာ မြင်ရတယ်။
 
ဒါကြောင့် စစ်မှုမထမ်းမနေရ ဥပဒေနဲ့ သူတို့ရဲ့ စစ်တပ်မှာ လူဦးရေ ဖြည့်တင်းဖို့ လုပ်တယ်လို့ ကျွန်မမြင်တယ်။ ဒီဥပဒေက အကျိုးဆက်က နွေဦးတော်လှန်ရေးနဲ့ အများကြီး ချိတ်ဆက်မှု ရှိတယ်။ စစ်မှုထမ်းဥပဒေဆိုတာ သူများ နိုင်ငံတွေမှာလည်း ရှိပေမယ့် သူတို့က လေ့ကျင့်သင်ကြားပေးဖို့ဖြစ်တယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ ဥပဒေကတော့ အသေခံတပ်သားတွေ ဖြည့်တင်းဖို့ဖြစ်တယ်။ ပြည်သူတွေကလည်း အကြမ်းဖက် စစ်အုပ်စုက ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်လဲ ဆိုတာကို သိတယ်။ ဒါကိုမှ ဒီဥပဒေအရ စစ်မှုသွားထမ်းလိုက်မယ်ဆိုရင် ကိုယ်တိုင်က စစ်အာဏာရှင်ကို အားပေးထောက်ခံသလို ဖြစ်သွားမယ်။ ဒါကြောင့် မပါဖို့ ဆန့်ကျင်ဖို့ လိုအပ်တယ်။ ပြီးတော့ နွေဉီး တော်လှန်ရေးမှာ ပိုပြီးတော့ ပါဝင်လာနိုင်တယ် လို့လည်း မြင်တယ်။ လူငယ်တွေကိုပဲ ဦးတည်ထားတဲ့ ဥပဒေဖြစ်တာကြောင့် အကြမ်းဖက် စစ်အုပ်စုကိုတော့ အားမပေးဘူးဆိုပြီး နွေဦးတော်လှန်ရေးထဲကို ပိုပါဝင်လာနိုင်တယ်။
 
နောက်တခုက ဒီမှာ အမျိုးသမီးတွေလည်း မဖြစ်မနေပါဝင်ရမယ်ဆို တာမျိုးပါတယ်။ ဒါဟာ သူတိူ့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အသေခံတပ်သား သေပါစေ။ တိုက်ဖို့ခိုက်ဖို့ဆိုပြီး စုဆောင်းတာဖြစ်တာကြောင့် ဒါကိုလုံးဝလက်မခံနိုင်ဘူး။ နောက်တခုက ဒီအကြမ်းဖက် စစ်အုပ်စုတွေဟာ မုဒိမ်းတပ်သား၊ အမျိုးသမီးငယ်လေးတွေကို မုဒိမ်းကျင့်တဲ့ စစ်တပ်လို့ ကမ္ဘာက သိထားတာဖြစ်တယ် ဒါကြောင့် အမျိုးသမီးငယ်လေးတွေအတွက် အရမ်းကို အန္တရာယ်များတယ်။ သူတို့ဘာသာ ဥပဒေထုတ်လည်း ဒါဟာ မဖြစ်မနေ ဆန့်ကျင်ရမယ်လို့ ကျွန်မကတော့ မြင်ပါတယ်။
 
🔸CDM ဗိုလ်မှူးတဦး
 
ဒီဥပဒေက ၂၀၁၀ ရွေးကောက်ပွဲမစခင်ကတည်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုပြီး အတည်ပြုခဲ့တာကို အခုမှ အာဏာတည်ပြီဆိုပြီး ထုတ်ပြန်တာ ဖြစ်တယ်။ ဒီလိုကြေညာတာဟာ ဒီတော်လှန်ရေးမှာ ကိုယ်နဲ့မဆိုင်သလို ဘားတွေ ကလပ်တွေမှာ ပျော်ရွှင်နေကြတဲ့ အသက် ၁၈ ကနေ ၃၅ နှစ်ထိ ယောက်ကျားလေးတွေနဲ့ ၁၈ နှစ်ကနေ ၂၇ ကြားက မိန်းကလေးတွေကို သူတို့နဲ့ သက်ဆိုင်လာပြီဖြစ်တယ်ဆိုတာကို သိလာစေတဲ့ အကြောင်းတခုဖြစ် လာ တယ်။
 
ဒီတော့ တော်လှန်ရေးအင်အားစုဘက်ကို ဝင်ရပ်တည်ပြီး အောင်ပွဲကိုယူမလား နစက ဘက်ဝင်ရပ်ပြီး သမိုင်းရဲ့ တရားခံအနေနဲ့ ဇာတ်သိမ်းမလား ရွေးရတော့မှာ ဖြစ်တယ်။ ဂုဏ်သိက္ခာကို လေးစားတဲ့သူ အများစုဟာ PDF အင်အားစုတွေဘက်ကို ရောက်လာဖို့ရှိပါတယ်။
 
ဘာကြောင့်လဲဆိုရင် ဒီဥပဒေကို ယူနီဖောင်းချွတ်အစိုးရ ဦးသိန်းစိန်လက်ထက်မှာ မကျင့်သုံးခဲ့သလို၊ NLD အစိုးရ ကာလမှာလည်းမကျင့်သုံးခဲ့ပါဘူး။ မတရားသဖြင့် အာဏာကောက်သိမ်းလို့ ပြည်သူထောက်ခံမှု မရတော့ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်ရှုံးနေတာ ကရင်နီ၊ ရှမ်းမြောက်နဲ့ ရခိုင် တိုက်ပွဲတွေမှာ ရှုံးနေတာကို ဝန်မခံသေးဘဲ စစ်အင်အား မရှိတော့တာကို လူမသိအောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကောက်အသက်သွင်းတာပဲဖြစ်တယ်။ ပြောချင်တာက ဒီစစ်ပွဲတွေက ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေတဲ့ စစ်မဟုတ်ဘူး၊ အာဏာရူးလို့ ဖြစ်တဲ့စစ်ပါ။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်လို့ပြည်သူက ခုခံတွန်းလှန်တဲ့စစ်၊ အာဏာရှင်နဲ့ အာဏာရှင်စနစ်ဆိုးကို ဆန်ကျင်တဲ့စစ် ပြီးတော့ အမြစ်ဖြတ်မယ့်စနစ်ဆိုတာ သိပြီး ဘယ်ဘက်ကို ဝင်ရပ်တည်မလဲ ရွေးကြဖို့ပဲလိုပါတယ်။ ပြီးတော့ တပ်မတော်သားတွေကိုလည်း သတိပေးပြောကြားလိုတာက အင်အားတွေ အများကြီး ဝင်လာတော့မယ်၊ စစ်ကူတွေ အများကြီးလာတော့မယ်ဆိုပြီး ဝမ်းသာမနေပါနဲ့။ အတင်းအကျပ်မဖြစ်မနေ ဝင်ရလို့ တပ်ထဲရောက်လာလည်း အာ ဏာရှင်ကို မုန်းတီးတဲ့စိတ်အခံ၊ အာဏာရှင်စနစ်ကို တိုက်ထုတ်လိုတဲ့ စိတ်အခံတွေနဲ့ ရောက်လာကြမှာမို့ အများကြီး မမျှော်လင့်ကြပါနဲ့ တပ်ရင်းအလိုက်တောခိုတာတွေ ပြန်ပုန်ကန်တာတွေကို ကြိုပြီး မျှော်လင့်ထားပါလို့ သတိပေးချင်ပါတယ်။