မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသူတွေ ဖိနှိပ်ခံနေရ

ဖေဖော်ဝါရီ၊ ၁၁
 
မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ နည်းမျိုးစုံနဲ့ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ရခိုင်ပြည်နယ် ရဲဘက်စခန်းမှ မြင်းခြံအကျဉ်းထောင်ကို အပြောင်းအရွေ့နဲ့ ရောက်ရှိလာတဲ့ အသက် (၃၁) နှစ်အရွယ် အရာရှိဝန်ထမ်း (၂ပွင့်) ဒေါ်ဇင်မာဦး ဆိုသူက နိုင်ငံရေးအကျဉ်းသူတွေကို နေ့စဉ်ဆဲဆိုကြိမ်းမောင်းနေတာလို့ ဆိုပါတယ်။
 
“ အရင်ကလည်း ဖိနှိပ်မှုတွေ ရှိတယ်ဆိုပေမယ့် ဒီလောက်အထိ မဆိုးဝါးဘူး။ သူပြောင်းလာပြီးနောက် ပိုဆိုးလာတာပေါ့ ဒုတ်တကိုင်ကိုင်နဲ့ ခြိမ်းခြောက်နေတာပါ “ လို့ PPNM မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
ဒေါ်ဇင်မာဦးရဲ့ ခိုင်းစေချက်နဲ့ အမျိုးသမီး (၁) ပွင့်အရာရှိ ဒေါ်မေစိုးအေး နဲ့ တပ်ကြပ် ဒေါ်နုနုမာတို့ဟာ ထောင်ကခိုင်းတဲ့ အလုပ်တွေကို မဖြစ်မနေ လုပ်ကြရမည်ဆိုကာ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေအားလုံးအပြင် အသက်အရွယ်ကြီးမြင့်သူတွေက်ိုပါ အလုပ်ကြမ်းတွေ ခိုင်းစေနေတယ်လို့ ဆိုပါတယ်။
 
အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို တောင်ယာစိုက်ခင်းတွေမှာ လုပ်ကိုင်ဖို့ ချည်ထိုးဖို့နဲ့ ထောင်အာဏာပိုင်တွေ စီးပွါးဖြစ်လုပ်ကိုင်နေတဲ့ ကွမ်းယာရောင်းတဲ့ လုပ်ငန်းအတွက် သတ်မှတ်အရည်တွက် ပြည့်မီဖို့ အိပ်ချိန်တွေမှာ ခိုင်းစေတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် နိုင်ကျဉ်းတွေကို (ညပိုင်းလုံခြုံရေး) ဘာယာစောင့်ခိုင်းတာတွေ ထမင်းပုံးထမ်းခိုင်းတာတွေ လုပ်ခိုင်းနေတယ်လို့ PPNM ကဆိုပါတယ်။
 
မြင်းခြံအကျဥ်း‌ထောင်အတွင်း အပတ်စဉ် လုံခြုံရေးအကြောင်းပြပြီး အမျိုးသားဆောင်နဲ့ အမျိုးသမီး‌ အဆောင်တွေကို မကြာခဏ ရှာဖွေရေးတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
 
“ ပိုဆိုးလာတာက ၁၁ လပိုင်းလောက်မှာ ထောင်ထဲမှာ ကြပ်လာတယ်။ ကိုယ်ရောက်လာတဲ့ ပုဒ်မက ရာဇဝတ်မှု မဟုတ်ဘူးဆိုတဲ့အခါမှာ ဒီလိုအလုပ်ကြမ်းတွေက လုပ်စရာမလိုဘူး။ ဒါပေမယ့် အကြောက်တရားနဲ့ ခိုင်းစေနေတာ မဖြစ်သင့်ဘူး “ လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
အလားတူပဲ မြင်းခြံ အကျဉ်းထောင်မှာ သောက်သုံးရေမှာ ခဲဓာတ် ပါဝင်မှုများနေတာ၊ ချိုးရေမလုံလောက်တာတွေကြောင့် အကျဉ်းသား၊ အကျဉ်းသူ အားလုံး ဝမ်းရောဂါနဲ့ ပွေးဝဲရောဂါတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
 
ထို့အပြင် နိုင်ငံရေးအကျဉ်းသူတွေကို အခြားရာဇဝတ်အကျဉ်းသူတွေနဲ့ သွေးခွဲတာ ရန်တိုက်ပေးတာတွေကို ထောင်ဝန်ထမ်းတွေက ဦးဆောင်လုပ်ဆောင်နေသလို ထောင်တွင်းဈေးဘား ကိုလည်း အဆမတန် ဈေးပေးပြီး ဝယ်ယူစားသောက်နေကြရတယ်လို့ PPNM ကဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် မေလမှာ မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသား ဆယ်သုံးဦးကို ခမရ (၁၅) တပ်ထဲခေါ်ဆောင်ပြီး အကြောင်းမဲ့ ရိုက်နှက်တာ စစ်ကြောရေး လုပ်တာတွေကို လုပ်ဆောင်ခဲ့ပါသေးတယ်။
 
လက်ရှိမြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၈၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media