မြန်မာပြည် မလွတ်လပ်သေးပါ

ဇန်နဝါရီ၊ ၄

နေရပ်စွန့်ခွာ ရှောင်တိမ်းလာရတာ သုံးနှစ်နီးပါး ရှိပြီဖြစ်တဲ့ ဒေါ်ဖူးငုံ(အမည်လွှဲ) တယောက် နေ့ထူးနေ့မြတ်တွေ၊ အထိမ်းအမှတ်နေ့တွေ ရောက်ခါနီးတိုင်း တခုခုကို လွမ်းလွမ်းဆွတ်ဆွတ် နာနာကျင်ကျင်ခံစားမှုဖြစ်တာ အမြဲလိုလိုပါပဲ။

စစ်ကောင်စီတပ်က သူတို့ရွာထဲ မကြာခဏ စစ်ကြောင်းထိုးဝင်လာတတ်လို့ တနင်္သာရီတိုင်း၊ ပုလောဒေသခံတဦးဖြစ်သူ ဒေါ်ဖူးငုံဟာ တခြားရွာခံတချို့နဲ့အတူ ရွာကနေ ထွက်ပြေးတိမ်းရှောင်လာပြီးကတည်းက တခေါက်မှ အိမ်မပြန်နိုင်သေးပါဘူး။

သာမန်ရက်တွေကို စစ်ရှောင်စခန်းမှာ လှုပ်ရှားရုန်းကန်ရင်း ပုံမှန်ဖြတ်သန်းလေ့ရှိတဲ့ ဒေါ်ဖူးငုံဟာ ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့လို အထိမ်းအမှတ်နေ့တွေမှာတော့ နေရပ်ကို အမြဲ အောက်မေ့သတိရနေတာပါ။

” သာမန်အချိန်တွေမှာတော့ ကိုယ့်ဟာကိုယ် လှုပ်ရှားနေတယ်ဆိုပေမယ့် အာဇာနည်နေ့ပဲဖြစ်ဖြစ်၊ လွတ်လပ်ရေးနေ့ပဲဖြစ်ဖြစ် အဲလို နေ့တနေ့ ရောက်လာတိုင်း ကျမတို့က လွမ်းဆွတ်အောက်မေ့တာတွေ၊ ဝမ်းနည်းတာတွေ၊ ပြည်သူတွေအတွက် ပေးဆပ်လိုက်ရတဲ့ လူငယ်တွေအတွက် ပိုပြီးနာကျင်ရလေပေါ့ ”

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေမှာ ခိုလှုံနေရတဲ့အသက် နှစ်နှစ်အရွယ် ကလေးတယောက်အမေလည်းဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် ဒေါ်ဖူးငုံက ရင်ဖွင့်ပြောကြားလာပါတယ်။

မြန်မာန်ိုင်ငံဟာ နှစ်ပေါင်းထောင်ချီ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ် လက်အောက်မှာ နေခဲ့ရတာပါ။

အင်္ဂလိပ်နယ်ချဲ့တွေက ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နဲ့ ၁၈၈၅ ခုနှစ်တွေမှာ ပထမ၊ ဒုတိယနဲ့ တတိယကျူးကျော်စစ် ဆင်နွှဲပြီး မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာလက်အောက်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

နယ်ချဲ့တွေ လက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူနိုင်ခဲ့တာ ဒီကနေ့ ဇန်နဝါရီ ၄ ရက်ဆို ၇၆ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။

ဒါပေမယ့် မြန်မာပြည်သူတွေကတော့ လွတ်လပ်ရေးရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူအခွင့်အရေး စတဲ့ လောကပါလတရားတွေကို တာရှည်မခံစားဖူးဘဲ ပြည်တွင်းစစ်၊ စစ်အာဏာသိမ်းမှု စတဲ့ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခတွေရဲ့ ဒဏ်ကိုသာ ခါးစည်းခံကြရတာ ဒီကနေ့အချိန်ထိပါပဲ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမဖြစ်ခင် ကာလတချို့က လွတ်လပ်ရေးနေ့တွေမှာတော့ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်းတိုင်းလိုလိုမှာ လွတ်လပ်ရေးနေ့ အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည်သူတွေ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ပါးပါး ရှိခဲ့ကြပါသေးတယ်။

ဒါပေမယ့် ပြည်သူတွေ လွတ်လပ်ပျော်ပါးနေကြတာကို မြင်တွေ့နိုင်တဲ့ အဲဒီလို မြင်ကွင်းတွေဟာလည်း စစ်အာဏာသိမ်းမှုနဲ့အတူ ပျောက်ကွယ်သွားခဲ့ရပါပြီ။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာလွတ်လပ်ရေး ရရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ သုံးလခန့်အကြာမှာတော့ ဖဆပလ အစိုးရကို ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ရဲ့ လက်နက်ကိုင် ပုန်ကန်မှုနဲ့အတူ ပြည်တွင်းစစ် စတင်ခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာတော့ ဖဆပလဝန်ကြီးချုပ် ဦးနုဟာ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရကို အာဏာလွှဲပေးခဲ့ရပြီး ၁၉၆၂ ခုနှစ်မှတော့ စစ်တပ်က တရားဝင်အတိအလင်းအာဏာသိမ်းတာကို ခံခဲ့ရတာပါ။

၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးကြောင့်စစ်တပ်က ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပေမဲ့ အနိုင်ရ ဒီချုပ်ပါတီကို အာဏာလွှဲမပေးခဲ့ပါဘူး။

ဒါ့အပြင် ၂၀၀၈ ခုနှစ်မှာစစ်တပ်စိတ်တိုင်းကျရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့ ဒီချုပ်မပါတဲ့ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲထပ်မံကျင်းခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ ဆက်လက်အာဏာရယူခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ဒီချုပ်ပါတီက အကန့်အသတ်များလှတဲ့ အခြေအနေရွေးကောက်ပွဲအနိုင်ရပြီး နိုင်ငံကို အုပ်ချုပ်နိုင်ခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရတာကို မဲလိမ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထပ်မံအာဏာသိမ်းတာ ခံထားရတာပါ။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် နှစ်နှစ်စောပြီး မွေးဖွားခဲ့တဲ့အသက် ၇၈ နှစ်အရွယ် ဦးသန်းစိုးနိုင်ကတော့ သူ့အနေနဲ့ လွတ်လပ်ရေးရဲ့အရသာကို တခါမှ အပြည့်အဝ မခံစားခဲ့ရဘူးလို့ ဖွင့်ဟပါတယ်။

” ဒီမိုကရေစီအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် တစုံတရာတည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်တာကိုတော့ ၁၉၅၈ ခုနှစ်အထိ ကျနော်ခံစားခဲ့ရတယ်။ နောက်ပိုင်းတလျှောက်လုံးမှာ အသွင်အမျိုးမျိုးသော စစ်အာဏာရှင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကျနော်နေခဲ့ရပါတယ် ” လို့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီဆယ်နှစ်တာကာလကို ရည်ညွှန်းပြီး ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဦးသန်းစိုးနိုင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီဝင်တဦးအဖြစ် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့ဖူးသလို တိုင်းရင်းသားရေးရာ၊ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးဆိုင်ရာ ဆောင်းပါးတွေအပါအဝင် စာအုပ်တွေ ပြုစုထုတ်ဝေထားသူတဦးလည်း ဖြစ်ပါတယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအကြား ညှိနှိုင်းမှုတွေ မပြေလည်ခဲ့တာ၊ စစ်အာဏာသိမ်းတာတွေဟာ မြန်မာပြည်သူတွေ လွတ်လပ်ရေးရဲ့ အရသာကို မခံစားရစေတဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်တယ်လို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

” တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနဲ့ စစ်အစိုးရအဆက်ဆက် တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရတွေရဲ့ အကြောင်းကြောင်းအမျိုးမျိုးပြ အာဏာသိမ်းမှုတွေကြောင့် ဘယ်တုန်းကမှ ငြိမ်းချမ်းရေးတည်ဆောက်လို့ မရခဲ့ပါဘူး ” လို့ သူက ပြောပါတယ်။

လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာပြည်သူတွေအနေနဲ့ ဒီမိုကရေစီ၊ လူ့ခွင့်အရေး၊ လွတ်လပ်မှု စတာတွေကို ရရှိစေဖို့ ကြိုးပမ်းမယ်လို့ မကြာခဏ ကြုံးဝါးလေ့ရှိပါတယ်။

ဒါ့ပေမယ့် သူ့ရဲ့ လက်အောက်ခံတပ်တွေက အရပ်သားတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ စတဲ့ အကြမ်းဖက်မှုတွေကိုသာ နေ့စဉ်နဲ့အမျှ ကျူးလွန်ပြီး ပြည်သူတွေရဲ့ လွတ်လပ်မှုတွေကို ပိတ်ပင်တားဆီးနေတာ တိုင်းသိ၊ ပြည်သိပါပဲ။

လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာတေဇာဆန်းကတော့ စစ်ကောင်စီလက်ထက် လက်ရှိ မြန်မာပြည်သူတွေဟာ လွတ်လပ်မှုတွေ၊ အခွင့်အရေးတွေ ဆုံးရှုံးရတဲ့ အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

” အွန်လိုင်းကနေ ဝေဖန်တဲ့ စာတကြောင်းရေးလို့ အဖမ်းခံရတယ်။ ဖအေကို မတွေ့လို့ သားကို ဖမ်းတယ်။ သတ်တယ်။ လွတ်လပ်မှုဆိုတာ ဘာလဲ မေးယူရလောက်တဲ့အထိ အခွင့်အရေးမှန်သမျှ ဆုံးရှုံးနစ်နာနေတာ အထင်အရှားပါပဲ ” လို့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းဟာ စစ်တပ်အာဏာသိမ်းတာကို မန္တလေးမြို့ကနေ ပထမဦးဆုံးဆန့်ကျင်ဆန္ဒပြခဲ့သူတွေမှာ ခေါင်းဆောင်တဦးအနေနဲ့ ပါဝင်ခဲ့သူဖြစ်သလို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှာ တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ ’ပတ်ဂျုံချော’ လူ့အခွင့်အရေးဆု ရရှိထားသူ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ် ဖော်ဆောင်မယ်လို့ မကြာခဏ ကြွေးကြော်လေ့ရှိတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ပြည်သူတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်တောင် မပေးဘဲ ဖိနှိပ်ကန့်သတ် ချုပ်ခြယ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ကို ဝေဖန်တဲ့ အရေးအသားတွေ ရေးသားတာ၊ တော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံကြောင်း သဘောသက်ရောက်တဲ့ ပြောဆိုရေးသားမှုမျိုး ပြုလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတာဟာ စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်တခုလို ဖြစ်လာနေပါပြီ။

” ဖေ့စ်ဘုတ်ပေါ်မှာ အကောင့်အစစ်နဲ့ဆို နိုင်ငံရေးနဲ့ ပတ်သက်တာ ဘာမှမရေးရဲဘူး။ သူတို့ဘက်မှာ စောင့်ကြည့်ခိုင်းထားတဲ့သူတွေ သပ်သပ်ရှိလောက်တယ် ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အသက် ၂၅ နှစ်ခန့်အရွယ် ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖေ့စ်ဘုတ်ပေါ်မှာ တော်လှန်ရေးလှုပ်ရှားမှုတွေကို ထောက်ခံတာ၊ စစ်ကောင်စီကို ဝေဖန်တာ ရေးသားတဲ့ သူတွေကို နေရပ်လိပ်စာ အတိအကျနဲ့ ဖမ်းဆီးဖို့ မကြာခဏ လှုံ့ဆော်လေ့ရှိသလို စစ်ကောင်စီတပ်ကလည်း သူတို့ဖမ်းဆီးခိုင်းတဲ့လူတွေကို ဖမ်းဆီးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကပဲ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်မရတာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ဝေဖန်ပြောဆိုတဲ့ အဆိုတော် ဗျူဟာ ကို စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ် အနှစ် နှစ်ဆယ် အထိ ချမှတ်ခဲ့ပါသေးတယ်။

” လွတ်လပ်မှု မရှိဘူးဆိုတာထက် လုံခြုံမှုတောင် လုံးဝရှိမနေတာ။ နိုင်ငံရေးမလုပ်ဘဲလည်း ဘယ်လိုပြဿနာရှာပြီး အဖမ်းခံရမလဲဆိုတာကို စိုးရိမ်နေရတာ။ ကြားထဲ လုယက်တာတွေကလည်းပေါ ။အပြင်ထွက်ရင် စစ်သားတွေကိုလည်းကြောက်ရ၊ လုခံထိမှာလည်း ကြောက်ရပဲ ” လို့ သူတို့ ပတ်ဝန်းကျင်အခြေအနေကို အဲဒီရန်ကုန်မြို့ခံ အမျိုးသမီးက ပြောပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ အခု ၂၀၂၃ နှစ်ကုန်အထိ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၄,၃၀၀ နီးပါး ရှိပြီလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင် ခံထားရသူကလည်း နှစ်သောင်းနီးပါးအထိ ရှိနေပါတယ်။

အလားတူပဲ စစ်ကောင်စီ လက်အောက်ခံတပ်တွေ မီးရှို့ဖျက်ဆီးလို့ ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ် အရေအတွက်လည်း ရှစ်သောင်းနီးပါး ရှိပြီလို့ Data For Myanmar က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

” အရင်အာဏာရှင်တွေထက် ပိုပြီးတော့ ဆိုးဝါးတယ်။ ကြမ်းကြုတ်တယ်။ပိုပြီးတော့ ရက်စက်တာကို မြင်နိုင်ပါတယ်။ ရွာလုံးကျွတ်မီးရှို့တယ်။ မြို့လုံးကျွတ် ပြာကျအောင် လုပ်တဲ့ ရက်စက်မှုတွေကတော့ စံချိန်တင်လောက်တယ် ” လို့လည်း ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းကတော့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကြောင့် ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲဝင်ရာမှာ လက်နက်ကိုင်တော်လှန်ရေးက မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေးနည်းနာတရပ်ဖြစ်လာတယ်လို့ ယူဆပါတယ်။

” လက်နက်ကိုင်ဖို့ဆိုတာကို ကျနော်တို့ တန်းရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တယ်။ ဒီလိုတွေ ခံစားခဲ့ရတော့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲမှရမယ်ဆိုတာကို ကျနော်တို့အားလုံးက ပြတ်ပြတ်သားသား ယုံကြည်လာတယ် ” လို့ ကိုလင်းလင်းက ပြောပါတယ်။

BPLA ဟာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အာဏာရှင်ဆန့်ကျင်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေသူတချို့ကတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျသွားပေမယ့် တန်းတူညီမျှမှု အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မတည်ဆောက်နိုင်ပါက တိုင်းရင်းသားပြည်သူတွေအနေနဲ့ လွတ်လပ်မှုကို အပြည့်အဝ ခံစားကြရမှာ မဟုတ်ဘူးလို့ လက်ခံထားကြပါတယ်။

” စစ်အာဏာရှင်စနစ်ကို အပြီးသတ်ဖယ်ရှားပြီးသည့်တိုင် နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသားအခွင့်အရေး ဒါတွေအားလုံး ပြည့်ပြည့်ဝဝ ရရှိမယ်ဆိုတာကို ဘယ်သူ့မှ အာမခံနိုင်မှာ မဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆက်ပြီး တိုက်ပွဲရဦးမှာပဲ ” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

စစ်အာဏာရှင်ကို အဲဒီလိုလက်နက်ကိုင်နည်းလမ်းနဲ့သာမက သပိတ်ပေါင်းစုံနဲ့ တော်လှန်နေပေမယ့် ဒေါ်ဖူးငုံတယောက်ကတော့ သူရဲ့ ကလေးအပါအဝင် မျိုးဆက်သစ်တွေ သူ့လိုပဲ လွတ်လပ်မှုကို မခံစားရမှာကို စိုးရိမ်မှုရှိနေပါတယ်။

” ကျမတို့ဘဝကတော့ စုတ်ပြတ်သတ်နေပြီ။ ကြားထဲ ပြေးရင်းလွှားရင်းနဲ့ သေရင်လည်းသေသွားဦးမှာ။ လာမယ့် မျိုးဆက်သစ်တွေကိုတော့ အမှန်တကယ်လွတ်လပ်မှုကို ရစေချင်တယ်။ ကျမတို့လို လူညွှန့်မတုံး စေချင်ဘူး ” လို့ ဒေါ်ဖူးငုံက ပြောပါတယ်။

ဒေါ်ဖူးငုံဟာ အဲဒီစိုးရိမ်မှုတွေရှိနေပေမဲ့လည်း လွတ်လပ်ရေးနေ့ရောက်တိုင်း သူတို့စစ်ရှောင်စခန်းက ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးပြီး ခဏတာ ပျော်ရွှင်မှုရအောင် ကြိုးစားပေးနေကြပါ။

ဒီနှစ်လည်း အဲဒီလိုလုပ်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် သူ့အသိစိတ်ထဲမှာတော့ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပေမဲ့ စစ်အာဏာရှင်စနစ်အောက်မှာ သူတို့ တကယ်မလွတ်လပ်သေးဘူးဆိုတဲ့ ခံစားချက်က ဖျောက်ဖျက်လို့ မရသေးပါဘူး။

” ဘယ်လိုပဲ မေ့ဖျောက်ပြီးနေနေ ကိုယ်မလွတ်လပ်သေးဘူးဆိုတာ သိနေလို့ ဝမ်းနည်းစွာနဲ့ပဲ ဖြတ်သန်းရတာပေါ့ ”