အီရန် အစိုးရခေါင်းဆောင် ခါမေနီရဲ့ Facebookနဲ့ Instagram အကောင့်တွေ ဖယ်ရှားခံရ

ဖေဖော်ဝါရီ ၊ ၁၀

အီရန် အစိုးရခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ Facebookနဲ့ Instagram အကောင့်တွေ ဖယ်ရှားခံလိုက်ရကြောင်း သိရပါတယ်။

 အဲဒီ လူမှုကွန်ရက် မီဒီယာ နှစ်ခုရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Metaက အီရန် အစိုးရ အဓိပတိရဲ့ အကောင့်တွေကို ထာဝရ ဖယ်ရှားလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

 အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒတွေနဲ့ ငြိစွန်းနေတယ်လို့ ကုမ္ပဏီက ဆုံးဖြတ်တာကြောင့် ခါမေနီရဲ့ အကောင့်တွေကို ပိတ်သိမ်းလိုက်တာလို့ Metaရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ဆိုပါတယ်။

 အဲဒီ မူဝါဒအရ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အနေနဲ့ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ ကိစ္စတွေကို Metaပိုင် လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ ဖော်ပြခွင့် မရှိဘူးလို့ သတ်မှတ်ထားပါတယ်။

 အီရန် အစိုးရဟာ အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာထားတဲ့ ဟားမားစ် ပြောက်ကျားတွေကို လက်နက်တပ်ဆင် ထောက်ပံ့နေကြောင်း စွပ်စွဲမှုတွေနဲ့ ကာလရှည်ကြာ ရင်ဆိုင်နေရပါတယ်။

 ခါမေနီရဲ့ အကောင့်တွေကို ပိတ်လိုက်တာနဲ့ ပတ်သက်လို့ မူဝါဒရေးရာ ချိုးဖောက်မှုကို ဘယ်လို ငြိစွန်းခဲ့တာကြောင့်လဲ ဆိုတာကိုတော့ Metaက တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

 ခါမေနီရဲ့ Instagram အကောင့်မှာ followerပေါင်း ၅ သန်းလောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရ အဖွဲ့ခေါင်းဆောင် ခါမေနီရဲ့ လူမှုကွန်ရက် အကောင့်တွေ ပိတ်ပင်ခံလိုက်ရတဲ့အပေါ် လောလောဆယ် အီရန်ဖက်ကတော့ သဘောထား တုံ့ပြန်တာတွေ မရှိသေးပါဘူး။

 အသက် ၈၄ နှစ်အရွယ် ခါမေနီဟာ ဘာသာရေး အခြေပြု အုပ်ချုပ်တဲ့ အီရန်အစိုးရရဲ့ အထွဋ်အထိပ် ခေါင်းဆောင်အဖြစ် ၁၉၈၉ ခုနှစ် ကတည်းက တာဝန်ယူထားတာ ဖြစ်ပါတယ်။

 Ref: CNN