ဖေဖော်ဝါရီ ၊ ၁၀
ဟိုသီ သူပုန်တွေရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့နောက် ဂျာမနီရေတပ်ရဲ့ စစ်သင်္ဘော တစီးကို ပင်လယ်နီ ရေပြင်ဆီ စေလွှတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်မှာ ဂျာမနီမြောက်ပိုင်း ဝှီလ်ဟမ်ရှာဗန်မြို့ ဆိပ်ကမ်းကနေ ဖရီးဂိတ် စစ်သင်္ဘော Hassen စတင် ထွက်ခွာသွားတယ်လို့ ရေတပ်က အတည်ပြုခဲ့ပါတယ်။ အဲဒီ စစ်သင်္ဘောဟာ လေကြောင်းကာကွယ်ရေး ကဏ္ဍအတွက် အထူးပြု တည်ဆောက်ထားတာပါ။
ပင်လယ်နီနဲ့ အနီးမှာရှိတဲ့ အေဒန်ပင်လယ်ကွေ့တို့ဟာ ကမ္ဘာ့လောင်စာဆီ ကုန်သွယ်မှု စျေးကွက်မှာ အရမ်းအရေးပါတဲ့ ရေလမ်းကြောင်းပေါ် ကျရောက်နေတဲ့တိုင် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အခက်ကြုံလာနေရပါတယ်။
ဟိုသီတွေက အစ္စရေးကို ဦးတည်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီရေပြင်မှာ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာကြောင့် အမေရိကန်နဲ့ ဗြိတိန် စစ်တပ်တွေက ယီမင် အခြေစိုက် ဟိုသီစစ်တပ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်နေပြီး ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေပါတယ်။
အခုအခါမှာတော့ အနောက်မဟာမိတ် အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ ဂျာမနီကပါ ပင်လယ်နီ လုံခြုံရေး ကဏ္ဍကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ Hassen ဖရီးဂိတ် သင်္ဘောကို စေလွှတ်ခဲ့တာပါ။
အဲဒီ စစ်သင်္ဘောဟာ မြေထဲပင်လယ်မှာ ခဏတာ ရှိနေပြီးတဲ့နောက် မဟာမိတ် ရေတပ်တွေကို ပံ့ပိုးဖို့ ပင်လယ်နီဆီ ခရီးဆက်မယ်လို့ သိရပါတယ်။
အခုနောက်ပိုင်းမှာတော့ ဟိုသီတွေဟာ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကိုသာ မကဘဲ အမေရိကန်နဲ့ ဗြိတိန် စစ်သင်္ဘောတွေကိုပါ ဒုံးကျည်တွေနဲ့ ပစ်ခတ်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနေကြောင်း သိရပါတယ်။
Ref: Reuters