အာဏာသိမ်းစစ်တပ် စစ်ရာဇဝတ်မှုသုံးမျိုး ကျူးလွန်တယ်လို့ ဒီချုပ်ထုတ်ပြန်

ဖေဖော်ဝါရီ၊ ၉
 
အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ အပေါင်းအပါ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေဟာ အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှု သုံးမျိုးကို ရက်ရက်စက်စက် စိတ်ပါလက်ပါ ကျူးလွန်ခဲ့တာကို တွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ဗဟိုအလုပ်ကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
အဆိုးဝါးဆုံး ကျူးလွန်မှုတွေထဲမှာ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ ညဉ်းပန်းနှိပ်စက် သတ်ဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာနဲ့ နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အရပ်သားတွေကို အကြောင်းမဲ့ သတ်ဖြတ်ရာမှာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၊ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင် ရွာနဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန့်နိမ်ရွာ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဒီလ ၈ ရက်ထုတ်ပြန်ချက်အရ စစ်ကောင်စီလက်ချက်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူပေါင်း ၄,၅၀၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီလေတပ်က လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး အပါအဝင် အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၇ ကြိမ် ရှိခဲ့ရာမှာ သေဆုံးသူ ၄၀၈ဦး နဲ့ ဒဏ်ရာရသူ ၁၅၅ ဦး ရှိခဲ့တယ်လို့ ဒီချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် နေအိမ်ပေါင်း ၆၄,၁၄၁ အိမ် မီးရှို့ဖျက်ဆီးခံကြရပြီး တချို့ဒေသတွေမှာ အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုများ ရှိခဲ့ရာ ဖျက်ဆီးမှုအကြိမ်ပေါင်း ၁,၆၁၄ ကြိမ် ရှိခဲ့တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
 
အဲဒီလိုဖျက်စီးခံရမှုမှာ ဘာသာရေး အဆောက်အဦတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ အရပ်သား ၇၈၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခဲ့တဲ့အတွက် နစ်နာဆုံးရှုံးမှုပေါင်း ၉၆၆ ရှိပြီး အဲဒီအထဲမှာ ဒီချုပ်ကိုယ်စားလှယ် ၁၉၈ ဦး၊ ပါတီဝင် ၂၃၇ ဦး စုစုပေါင်း ၄၃၅ ဦးရဲ့ ပိုင်ဆိုင်မှုတွေပါဝင်ကာ နစ်နာဆုံးရှုံးမှု ၅၄၉ ခုရှိတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ဒီချုပ်ရုံးချုပ် (ရန်ကုန်) အပါအဝင် ရပ်ကျေးရုံးတွေအထိ ဖျက်ဆီးမှု ၁၆၄ ကြိမ်၊ ကိုယ်စားလှယ်နှစ်ဦး အပါအဝင် ပါတီဝင်ပေါင်း ၃၁၄ ဦး သေဆုံးခဲ့သလို ဖမ်းဆီးခံ ပါတီဝင်ပေါင်း ၁၉၀၅ ဦး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
 
အဲဒီအချက်အလက်တွေကို ၂၀၂၁ ခုနှစ်၊ မေလမှာ စတင်ဖွဲ့စည်းတဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့က ဒီနှစ် ဇန်နဝါရီလ ၁၅ ရက်အထိ ရရှိတဲ့ အချက်အလက်တွေကို ထုတ်ပြန်တာဖြစ်ပြီး မြေပြင်မှာ ဒီထက်မက များနိုင်တယ်လို့ ဆိုပါတယ်။
 
အဖွဲ့အနေနဲ့ အဲဒီလိုချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ ထပ်မံမဖြစ်ပွားဖို့နဲ့ ကျူးလွန်သူတွေကို တာဝန်ခံမှု ရှိစေဖို့အတွက် နိုင်ငံတကာဥပဒေတွေနဲ့ တရားစွဲဆို အရေးယူနိုင်ရေးကို ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို ပေးပို့တာ၊ ပူးပေါင်းဆောင်ရွက်တာ လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – The Voice Karenni