မြောက်ဦးကို အေအေသိမ်းပိုက်၊ စစ်သင်္ဘော သုံးစင်းကို နစ်မြုပ်အောင်တိုက်ခိုက်

ဖေဖော်ဝါရီ၊ ၉
 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော် (အေအေ)က တိုက်ခိုက်သိမ်းပိုက်လိုက်သလို စစ်ကောင်စီတပ် စစ်သင်္ဘော သုံးစင်းကို နစ်မြုပ်အောင်တိုက်ခိုက်ခဲ့ပြီး နောက်တစင်းကိုလည်း ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
 
မြောက်ဦးမြို့မှာရှိတဲ့ ခြေမြန်တပ် (ခမရ) ၅၄၀၊ ၃၇၇ နဲ့ ၃၇၈ တို့ကို အရင်ရက်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်နေတဲ့ ရဲတပ်ရင်း ၃၁ ကို အပြီးသတ် သိမ်းပိုက်အပြီးမှာတော့ မြောက်ဦးကို အေအေက ထိန်းချုပ်နိုင်ခဲ့တာပါ။
 
တိုက်ပွဲမှာ နှစ်ဖက်အကျအဆုံးနဲ့ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။
 
အေအေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်က စပြီးအခုအချိန်အထိ ပေါက်တော၊ ပလက်ဝဒေသ၊ မင်းပြား၊ ကျောက်တော်နဲ့ တောင်ပြို(လက်ဝဲ၊ လက်ယာ) စတာတွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
 
ဒါ့အပြင် ၂၀၁၄ ခုနှစ်အတွင်း စစ်ကောင်စီတပ် စစ်သင်္ဘော ခုနစ်စင်းခန့်ကို သွားလာမရအောင်နဲ့ မြစ်အတွင်း ရေချမရနိုင်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
 
ဖေဖော်ဝါရီလ ၈ ရက် မနေ့ကတော့ ကမ်းထိုးယာဉ်အပါအဝင် စစ်သင်္ဘောသုံးစင်းကို နစ်မြုပ်အောင်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ရမ်းဗြဲ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်က ရေတပ်၊ လေတပ်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။
 
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေကျေးရွာက ဒေသခံ လေးဦးကို စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော်ခန့်က ဖမ်းဆီးသွားတယ်လို့လည်း ဆိုပါတယ်။
 
အေအေ၊ ကိုးကန့်တပ်နဲ့ တအာင်းတပ်တွေ ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီး အာဏာသိမ်းစစ်ကောင်စီဟာ မြို့ပေါင်း ၃၇ မြို့ထက်မနည်း လက်လွှတ်ဆုံးရှုံးထားသလို ဗိုလ်မှူးချုပ် အဆင့်တွေအပါအဝင် ထောင်နဲ့ချီတဲ့ တပ်သားတွေ လက်နက်ချတာလည်း ရှိပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား သုံးရာကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးတာတွေရှိသလို အိန္ဒိယနိုင်ငံကိုလည်း ရာနဲ့ချီတဲ့ တပ်သားတွေ ထွက်ပြေးကြတာတွေလည်း ရှိခဲ့ပါတယ်။
 
ဓာတ်ပုံ – AA Info Desk