ထိုင်းအစိုးရ အလိုရှိနေတဲ့ သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ်

ဖေဖော်ဝါရီ ၊ ၈

ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထားတဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ သူဌေးကျွန်းရှိ Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၇ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ 

တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်တာ၊ အဲဲဒီကနေ ရလာတဲ့ ငွေကြေး၊ ပစ္စည်းတွေကို အသွင်ပြောင်းလဲတာ၊ ဖုံးကွယ်တာတွေလုပ်တယ်လို့ သံသယရှိတာကြောင့် ဥပဒေအရ အရေးယူနိုင်ဖို့ဆိုပြီး ကော့သောင်းခရိုင် တရားရုံးကနေ ဖမ်းဝရမ်းထုတ်ထားတာပါ။ 

ထိုင်း၊ မြန်မာ နှစ်နိုင်ငံသားအဖြစ် ခံယူထားတဲ့ အသက် ၆၀ ကျော်အရွယ် ဦးကျော်လွင် အပါအဝင် ၁၈ ဦးကို ဆီတင်ပို့ရာမှာ အခွန်လိမ်လည်မှု၊ ငွေကြေးခဝါချမှုအပါအဝင် ပုဒ်မ လေးခုလောက်နဲ့ ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁ ရက်ကပဲ ဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်။ 

အဲလို ဖမ်းဝရမ်းထုတ်ပြီးနောက်မှာတော့ ရနောင်းမြို့နဲ့ ဘန်ကောက်မြို့တို့က သူတို့နဲ့ ဆက်စပ်တဲ့ နေရာ ၂၇ ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ဇိမ်ခံကား၊ ငွေကြေး ရွှေနဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။ 

ဖမ်းဝရမ်းထုတ်ခံရထားတဲ့ ၁၈ ဦးထဲက ၇ ဦးကိုတော့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိထားပြီး အဓိက အလိုရှိနေတဲ့ ဦးကျော်လွင်ကိုတော့ အပြစ်မရှိဘူးလို့ ယူဆပါက လာရောက်ဖြေရှင်းဖို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောထားပါတယ်။ 

အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာရှိတဲ့ ဟိုတယ်ထားဝယ် ပိုင်ရှင် ဦးထွန်းမင်းလတ်ကိုလည်း မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ လက်နက်ပွဲစားတဦးလည်းဖြစ်တဲ့ အဲဒီ ဦးထွန်းမင်းလတ်ကိုတော့ သက်သေမခိုင်လုံလို့ဆိုကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်မှာ ထိုင်းတရားရုံးက တရားသေလွှတ်ပေးခဲ့ပါတယ်။ 

ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအပြင် စက်သုံးဆီဖြန့်ဖြူးရေး၊ လျှပ်စစ်ဓာတ်အားပေးဝေရေး စတဲ့လုပ်ငန်းတွေနဲ့ ကော့သောင်းမြို့မှာ နာမည်ကြီးတဲ့ ဦးကျော်လွင်ကတော့ ကော့သောင်းမြို့မှာ နေလေ့ရှိသူမဟုတ်ဘဲ ရနောင်းမြို့နဲ့ သူဌေးကျွန်းတွေမှာပဲ နေထိုင်တဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။ 

ကော့သောင်းမြို့နဲ့ ရေမိုင်တမိုင်ကျော်အကွာ သူဌေးကျွန်းပေါ်က ဦးကျော်လွင် ပိုင်ဆိုင်တဲ့ ကြယ်ငါးပွင့်အဆင့်ရှိ Grand Andaman ဟိုတယ်ဟာ ဒေသတွင်း နာမည်အကြီးဆုံးဖြစ်ပြီး ကာစီနိုလောင်းကစားရုံတွေပါ ဖွင့်လှစ်ထားပါတယ်။ 

အခု ၂၀၂၄ ခုနှစ် အစောပိုင်းကတော့ စစ်ကောင်စီ​ခေါင်း​ဆောင်နဲ့ထိုင်းစစ်တပ် တာဝန်ရှိသူတွေတွေ့ဆုံပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) တွေကို ပူးပေါင်းနှိမ်နှင်းဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။ 

အလားတူပဲ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေကိုလည်း စစ်ကောင်စီ ဖမ်းဝရမ်းထုတ်တာ၊ ဖမ်းဆီးပြီး တရုတ်လက်ထဲအပ်တာတွေ လုပ်လေ့ရှိပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကပဲ စစ်ကောင်စီဟာ သူနဲ့ နီးစပ်ပေမယ့် တရုတ်အစိုးရအလိုရှိနေတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဟောင်း ပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို လွှဲပြောင်းပေးခဲ့ပါသေးတယ်။