ရေဦးနယ် ကုက္ကိုလ်စုရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်က ဒေသခံ အမျိုးသားနှစ်ဦးကို သတ်ဖြတ်

ဖေဖော်ဝါရီ၊ ၇
 
စစ်ကိုင်းတိုင်း ရေဦးနယ် တောင်ဖက်ခြမ်းရှိ ကုက္ကိုလ်စုရွာကို မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ၀င်ရောက်လာပြီးနောက် ဒေသခံအမျိုးသား နှစ်ဉ်ီးကို ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်သွားတယ်လို့ People Defensef Comrade အဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံ ကိုထူးခန့်ဇော် (အမေ့သား) က DNA ကို အတည်ပြုပြောဆိုပါတယ်။
 
ရေဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ ခင်ဦးနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မနေ့က ညပိုင်းမှာ မူးသာရွာကတဆင့် မူးမြစ်ကို ဖြတ်ကူးပြီး ကုက္ကိုလ်စုရွာကို အလစ်အငိုက် ၀င်ရောက်ခဲ့တာလို့ သူကဆိုပါတယ်။
 
“ညကြီး ပြည်သူတွေ အိပ်မောကျနေချိန် မြစ်ကူးပြီးတော့ ၀င်လာတာပေါ့၊ အဲဒီစစ်ကြောင်းကို ရေဦးနယ်ဘက်က ကားတွေနဲ့ လာကြိုတာလည်းရှိတော့ အဲဒီမှာ ပိတ်မိပြီး ဖမ်းခံရတဲ့ အမျိုးသားနှစ်ဦးကို သတ်ဖြတ်သွားတယ် ” လို့ သူကဆိုပါတယ်။
 
စစ်ကောင်စီတပ်က ကုက္ကိုလ်စုရွာ သားတွေဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုသိန်းသန်းကြွယ်နဲ့ အသက် ၂၈ နှစ်အရွယ် ကိုဇော်သန်းထိုက် ဆိုသူနှစ်ဦးကို ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်သွားခဲ့တာပါ။
 
အဲဒီစစ်ကြောင်းကြောင့် ရေဦးနယ်တောင်ခြမ်းရှိ ရွာသာလေး၊ ကုက္ကိုလ်စု၊ ညောင်လှနဲ့ လိပ်စွန်းစတဲ့ ကျေးရွာ ငါးရွာလောက်က ဒေသခံ ငါးထောင်နီးပါးလောက် ဘေးလွတ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
“ညကြီးမင်းကြီးကို စစ်တပ်၀င်လာတယ်ဆိုလို့ ထပြေးခဲ့ရတာပေါ့၊ အခုလည်း ရေဦးအနောက်ခြမ်းဘက်ကို စစ်တပ်က စစ်ကြောင်းထိုးနေသေးတယ်။ ပစ္စည်းတွေလည်း ဘာမှ များများစားစား မသယ်ခဲ့နိုင်ဘူး ဒီအတိုင်း ကိုယ်လွတ်ထွက်ပြေးနေရတာ ” လို့ သူကဆိုပါတယ်။
 
ဒီကနေ့ မနက်ခြောက်နာရီလောက်က စတင်ပြီး ရေဦးနယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က မြို့ပေါ်ကတဆင့် အင်အား ရှစ်ဆယ်လောက်နဲ့ စစ်ကြောင်းဆက်လက်ထိုး၀င်ရောက်လာပြီး ၀ရုန်းသုန်းရွာမှာ တပ်စွဲထားတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ကိုထူးခန့်ဇော် (အမေ့သား) ကပြောပါတယ်။
 
“ရေဦးနယ်ထဲကို ဒါနဲ့ဆိုရင် တတိယအကြိမ်၀င်တာပေါ့၊ ဒီလ ၅ ရက်နေ့ကတည်း တောက်လျှောက်၀င်နေတာပါ။ မနေ့က ဆိုရင်လည်း သဲကုန်းကြီးရွာကို သူတို့မီးရှို့သွားပါသေးတယ်၊ အိမ်ခြေဘယ်လောက် ပျက်ဆီးသွားတယ်ဆိုတာတော့ မသိရသေးဘူး ” လို့ သူကဆိုပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက စတင်ပြီး ဒီပဲယင်း၊ ရေဦးနဲ့ ခင်ဦးနယ်တွေကို တောက်လျှောက်ဆိုသလို စစ်ကြောင်းထိုးနေပြီး ဒေသခံတွေရဲ့ နေအိမ်တွေကိုမီး ရှို့ဖျက်ဆီးတာတွေအပြင် ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။
 
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ခင်ဦးအနောက်ခြမ်းရှိ ကျွန်းတောရွာကို ဝင်ရောက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် ဒီလ အစောပိုင်းမှာ ခင်ဦးအနောက်ခြမ်းရှိ သာဝတ္ထိရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ် ၁၄၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
 
အာဏာသိမ်းပြီးနောက် မနေ့က ဖေဖော်ဝါရီလ ၆ ရက်အထိ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် အသက်သေဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၄၄၈၅ ဦးအထိ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဒီလ ၆ ရက်နေ့အထိ နိုင်ငံတ၀န်း စစ်တပ်လက်ချက်ကြောင့် သေဆုံးသူပေါင်း ၇၅ ဦးရှိခဲ့ပြီး အဲဒီအထဲက ၂၂ ဦးက စစ်ကိုင်းတိုင်းအတွင်းမှာ အများဆုံးဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆု့းသူ ၃၂ ဦးလည်း ပါ၀င်တယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံများ