အိန္ဒိယမှာ မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုကြောင့် လူတဒါဇင်နီးပါး သေဆုံး

ဖေဖော်ဝါရီ၊ ၇

အိန္ဒိယ နိုင်ငံမှာ မီးရှူးမီးပန်းစက်ရုံ မီးလောင်ရာက ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူတဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မက်ဒ်ဟရာ ပရာဒေ့ရှ် ပြည်နယ်မှာ ဖေဖော်ဝါရီ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ မီးဘေးကြောင့် စုစုပေါင်း ၁၁ ဦးသေပြီး အခြေအနေ အရမ်းဆိုးသူတွေ အပါအဝင် ၁၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ စက်ရုံနေရာကနေ မီးခိုးလုံးကြီးတွေ အူထွက်နေပြီး လူတွေ အသက်လု ထွက်ပြေးနေတာကို တွေ့ရပါတယ်။

မီးလောင်မှု စတင်ရတဲ့ အကြောင်းရင်းကို လောလောဆယ် အတိအကျ မသိရသေးဘဲ မီးကူးစက်မှုတွေကြောင့် စက်ရုံရဲ့ နေရာအနှံ့မှာ ဆင့်ကဲပေါက်ကွဲမှုတွေ အပြင်းအထန် ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

အခင်းဖြစ်ပွားရာ ဘိုဟ်ပယ်လ်မြို့ရဲ့ အုပ်ချုပ်ရေး အရာရှိ ပန်ဝါ ကူးမား ရှာမားက ကယ်ဆယ်ရေး အဖွဲ့တွေဟာ မီးငြိမ်းသွားချိန်မှာ အပျက်အစီးတွေအောက် ရုပ်အလောင်းတွေ ကျန်နေသေးလား ဆိုတာကို ဖြန့်ကျက် ရှာဖွေနေတယ်လို့ ပြောပါတယ်။

အိန္ဒိယဟာ ပွဲတော်ကာလတွေနဲ့ မင်္ဂလာ အခမ်းအနားတွေမှာ မီးရှူးမီးပန်း ပစ်ဖောက်လေ့ ရှိတာကြောင့် စျေးကွက် တောင်းဆိုမှု ကြီးမားတဲ့ နိုင်ငံဖြစ်ပါတယ်။ တဖက်မှာလည်း လုံခြုံရေးစံနှုန်း အားနည်းတဲ့အတွက် မီးရှူးမီးပန်း စက်ရုံတွေမှာ နှစ်စဉ် မတော်တဆမှုတွေ၊ လူသေမှုတွေ ကြုံရလေ့ ရှိပါတယ်။

မနှစ်က ဇူလိုင်လတုန်းကလည်း အိန္ဒိယတောင်ပိုင်းက မီးရှူးမီးပန်း စက်ရုံတခုမှာ ပေါက်ကွဲမှု ဖြစ်ရာက လူ ၈ ဦးသေဆုံးခဲ့ပါတယ်။ ၂၀၁၈ တုန်းက နယူးဒေလီမှာရှိတဲ့ မီးရှူးမီးပန်း စက်ရုံမှာ အကြီးအကျယ် မီးကူးစက် လောင်ကျွမ်းပြီး စက်ရုံလုပ်သား ၁၇ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီ မတိုင်ခင် တနှစ်တုန်းကလည်း မက်ဒ်ဟရာ ပရာဒေ့ရှ် ပြည်နယ်ထဲက ကျေးရွာတခုမှာ ဖြစ်ကတတ်ဆန်း တည်ဆောက်ထားတဲ့ ဗျောက်အိုးစက်ရုံ မီးလောင်ပြီး လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

Ref: AP