ဖေဖော်ဝါရီ၊ ၅
နောက်ပိုင်းနှစ်တွေမှာ ကြုံလာရတဲ့ တချို့သော မုန်တိုင်းတွေရဲ့ တိုက်ခတ်နှုန်းက ပြင်းထန်လွန်းတာကြောင့် ပြင်းအားအဆင့် သတ်မှတ်ချက် အသစ်တိုးသင့်ကြောင်း ထောက်ပြမှုတွေ ရှိလာပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ပင်လယ်သမုဒ္ဒရာတွေ ပိုမို ပူနွေးလာခြင်းက နှစ်စဉ် မုန်တိုင်းတွေ ဖြစ်ပွားမှုကို အရေအတွက်ရော၊ ပြင်းအားအရပါ တိုးလာစေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းတွေရဲ့ လေတိုက်နှုန်း ပြင်းအားကို Saffir-Simpson စံနှုန်းနဲ့ Category ၅ ဆင့် ခွဲခြားပြီး တိုင်းတာလေ့ ရှိပါတယ်။ Category 5 အဆင့် မုန်တိုင်းတွေကတော့ ဖျက်ဆီးအား အပြင်းထန်ဆုံး၊ လေတိုက်နှုန်း အကြမ်းဆုံးအဖြစ် သတ်မှတ်တဲ့ သဘောပါ။
မုန်တိုင်းတခုဟာ ဒေသအလိုက် ဟာရီကိန်း၊ ဆိုင်ကလုန်း၊ တိုင်ဖွန်း စသဖြင့် ဘယ်လို အခေါ်အဝေါ် ပြောင်းလဲပါစေ လေတိုက်နှုန်း တနာရီ ၁၅၇ အထက်ထိ ပိုများနေရင် Category 5 အဆင့်မှာ အကျုံးဝင်ပါတယ်။
အခုတော့ နိုင်ငံတကာ မိုးလေဝသ ပညာရှင် တချို့က မုန်တိုင်းတွေရဲ့ ပြင်းအားက အရမ်းမြင့်တက်လာတာကို အကြောင်းပြုပြီး နောက်ထပ် Category အဆင့်တခု သတ်မှတ်သင့်ကြောင်း ထောက်ပြလာကြပါတယ်။
အများစု လက်ခံထားတာကတော့ Category 5 မုန်တိုင်းတခုရဲ့ လေတိုက်နှုန်းဟာ အမြင့်ဆုံးအဖြစ် တနာရီ ၁၉၂ မိုင်မှာ ကန့်သတ်ပြီး အဲဒီထက် ပိုပြင်းတဲ့ မုန်တိုင်းမှန်သမျှကို Category 6ဆိုတဲ့ စံသတ်မှတ်ချက် အသစ်ထဲ ထည့်သွင်းသင့်တယ် ဆိုတာပါပဲ။
လောရင့်စ် ဘာကလေ အမျိုးသား ရာသီဥတု လေ့လာရေးစင်တာရဲ့ အကြီးတန်း သုတေသီ တဦးဖြစ်တဲ့ မိုက်ကယ် ဝါဟ်နာက ၁၉၈၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မုန်တိုင်း ၁၉၇ ခုထဲမှာ ၅ ခုဟာ Category 6 အဆင့်မျိုးထိ သတ်မှတ်သင့်လောက်တဲ့ မဟာ မုန်တိုင်းကြီးတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ ၅ ခုစလုံးဟာ ၂၀၁၃ နောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့ပြီး ၂၀၁၃ မှာ ဖိလစ်ပိုင်ကို ဝင်ရောက် မွှေနှောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်၊ ၂၀၁၅ ခုနှစ်မှာ မက္ကဆီကို နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ပက်ထရစ်ရှာတို့လည်း အပါအဝင် ဖြစ်ပါတယ်။
မုန်တိုင်းတွေရဲ့ ပြင်းအားအဆင့်ကို Category 6 တဆင့်တိုး သတ်မှတ်ဖို့ဆိုတဲ့ စိတ်ကူးကို တင်ပြဆွေးနွေးမှုတွေ ရှိနေတာ အတော်ကြာခဲ့ပေမယ့် လက်တွေ့တော့ အထမမြောက်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်နဲ့အတူ မုန်တိုင်းဖြစ်ပေါ်မှုတွေ ပိုမို ထူထပ်လာတဲ့ အခြေအနေမှာ ဒီကိစ္စကို လက်တွေ့ အကောင်အထည် ဖော်သင့်နေပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ပင်လယ်ရေမျက်နှာပြင် အမြင့် လက်မနည်းနည်းလောက် တိုးလာတဲ့ အပြောင်းအလဲကတင် ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်တွေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ဆင့်ပွားဖြစ်ပေါ်စေနိုင်ကြောင်း ရှင်းပြထားကြပါတယ်။
Ref: CNN